၂၁ ရာစု ပင်လုံညီလာခံ၌ NCA မရေးထိုးသောအဖွဲ့အားလုံး ပါဝင်ခွင့်ပြုရန် ကချင်အမျိုးသားများ တွေ့ဆုံပွဲ တောင်းဆို

စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရန် ၂၁ ရာစု ပင်လုံညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်ပြုရန် ကချင်အမျိုးသားများ တွေ့ဆုံပွဲက သဘောထားထုတ်ပြန်တောင်းဆိုသည်။

၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရန် ကျင်းပသော ကချင်အမျိုးသားညီလာခံဆိုသည့်အမည်ကို ပြည်နယ် အစိုးရက ခွင့်မပြုခြင်းကြောင့် ကချင်အမျိုးသားတွေ့ဆုံပွဲဟု အမည်ပြောင်းလဲ ၍ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမတွင် ဖေဖော်ဝါရီ ၁၆ မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲအပြီး ထုတ်ပြန်ချက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံသည် ၁၉၄၇ ပင်လုံ စာချုပ်နှင့် ပင်လုံကတိကဝတ်များကို အခြေခံသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖော်ဆောင်နိုင်မည့် ညီလာခံဖြစ်ရန် လိုလားသည်။

စစ်မှန်သည့်ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကိုရရှိရန် ၂၁ ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်မရေးထိုးရ သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ခွင့်ပြုရန် တောင်းဆို ထားသည်။

ထို့အပြင် ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသည့် ကချင်အပါအဝင် တိုင်းရင်းသားဒေသများသို့ မြန်မာ့ တပ်မတော်က ထိုးစစ်ဆင်မှုများကို လုံးဝရပ်ဆိုင်းရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အကြမ်းဖက်သောင်းကျန်းသူဟု သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။

စစ်ဘေးဒုက္ခသည်များအား အစိုးရက ကူညီပေးရန်နှင့် လွတ်လပ်စွာ ပံ့ပိုးကူညီမှုပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားပါက အရေးယူပေးရန် အပါအဝင် အချက်ခုနစ်ချက်ကိုလည်း တောင်း ဆိုခဲ့သည်။

အရပ်ဘက် လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးပါတီနှင့် ပြည်သူများမှ ကိုယ်စားလှယ် ၇၅၀ ကျော် တက်ရောက်သော ကချင်အမျိုးသား တွေ့ဆုံပွဲတွင် ၂၁ ပင်လုံတက်ရောက်ရန် ကဏ္ဍအလိုက် လူထု ကိုယ်စားလှယ် ၁၀၀ အား ရွေးချယ်ခဲ့ကြောင်း ကျင်းပရေးကော်မတီမှ သတင်းရရှိသည်။

‘‘၂၁ ပင်လုံကြောင့် တိုင်းရင်းသားအားလုံး မျှော်လင့်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားနိုင် မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် လူထုတွေ့ဆုံပွဲပြုလုပ်ရတာပါ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားနိုင်ဖို့ မျှော်လင့်ပြီး ဖြစ်မြောက်လာဖို့အားလုံးက စိတ်ရောကိုယ်ပါ ပါဝင် ကြပြီး ၂၁ ရာစုပင်လုံကို တက်တက်ကြွကြွနဲ့ တာဝန်ရှိသူတွေကလည်း အကောင်အထည်ဖော်မယ်လို့ မျှော်လင့် ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်’’ ဟု ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလဘန်ဂမ်အောင်က ပြောကြားသည်။

# 7 Day Daily