မူဆယ်ကုန်သွယ်ရေးဇုန်ကို တရုတ်နှင့်အပြိုင် အဆင့်မြှင့်မည်

ဈေးနှိမ်ဝယ်ယူခြင်းကို ကျော်လွှားနိုင်ရန် ရှမ်းပြည်နယ်ရှိ မူဆယ်ကုန်သွယ်ရေးဇုန်အား တရုတ်နှင့်အပြိုင် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်းများသည် လမ်းခရီးခက်ခဲမှု၊ ကုန်စည်များ သိမ်းဆည်းရမည့် အအေးခန်းစက်ရုံများ နည်းပါးမှု၊ ကုန်တင်ကားများ ထားရှိရန် နေရာခက်ခဲမှုများကြောင့် စံချိန်မမီသော ကုန်ပစ္စည်းဖြစ်သွားရပြီး တရုတ်ပြည်မှ ဈေးနှိမ်ဝယ်ယူမှုများ ကြုံတွေ့နေရခြင်းကြောင့် ယင်းကဲ့သို့ အဆင့်မြှင့် တင်သွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ပုပ်သိုးကုန်များအတွက် အအေးခန်းများ၊ အခြောက်ခံစက်ရုံများ၊ အဆင့်မြင့်ဂိုဒေါင်များ၊ ကုန်တင်ယာဉ်ရပ်နား စခန်းများကို ပုဂ္ဂလိက ကုမ္ပဏီများ တင်ဒါခေါ်ယူ၍ ၂၀၁၇ ခုနှစ်အတွင်း အဆင့်မြှင့်တင် တည်ဆောက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဟိုဘက်က တအားတိုးတက်နေပြီ။ ကျွန်တော်တို့ဘက်မှာ အခြေခံအဆောက်အဦ ဘာမှမရှိသေးဘူး။ ပုပ်သိုး ကုန်တွေက ကားပိတ်လို့ ပုပ်သိုးသွားတယ်။ ဟိုဘက်ရောက်တော့ ဈေးနှိမ်ခံရတယ်။ ဟိုဘက်ရောက်တော့ ဝယ်ချင်ဝယ်တယ် မဝယ်ချင် မဝယ်ဘူး” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ပြီးခဲ့သော နိုဝင်ဘာလပိုင်း အတွင်းက မြောက်ပိုင်း မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် မူဆယ်ကုန် သွယ်ရေး ရပ်တန့်ခဲ့ပြီး တရုတ်-မြန်မာ ကုန်စည်စီးဆင်းမှု နစ်နာခဲ့ရသည်။

မူဆယ်တွင် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေး တစ်လ နီးပါးခန့် ရပ်နားခဲ့ပြီးနောက် လက်ရှိအချိန်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပုံမှန်အခြေအနေ ရောက်ရှိနေပြီဖြစ် သော်လည်း ကုန်သွယ်မှု ပမာဏ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် လျော့နည်း လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

# The Voice