မလေးရှားထောက်ပံ့ရေးသင်္ဘော ရန်ကုန်ဆိပ်ကမ်းရောက်ရှိ တပ်မတော်ရေယာဉ်အကူအညီဖြင့် ထောက်ပံ့ရေး ပစ္စည်းများ ရခိုင်သို့သယ်မည်
ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာ သည့် မလေးရှားနိုင်ငံမှ Nautical Aliya သင်္ဘောသည် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် သန်လျင်သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။
မလေးရှားအစိုးရက ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းလေးသောင်း ခုနှစ်ထောင့်ကိုးရာ နှစ်ဆယ်တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို မြန်မာနိုင်ငံအစိုးရအဖွဲ့သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပစ္စည်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဆိပ်ကမ်း၌ပြုလုပ် ခဲ့ပြီး မလေးရှားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးကလွှဲ ပြောင်းပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည် ပြော ကြားခဲ့သည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက “ဖြန့်ဝေတာကတော့ ဒီပစ္စည်းတွေကို တပ်မတော်ရေယာဉ်တွေက ကူညီပြီးတော့ ရခိုင်ကိုသယ် မယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်။ နှစ်ဘက်အသိုင်းအ၀ိုင်းကို ထိထိရောက် ရောက် ရောက်အောင်ဆောင်ရွက်မှာပါ” ဟု မီဒီယာများကိုပြောသည်။
အာဆီယံနိုင်ငံအချင်းချင်း အကူအညီပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါပစ္စည်းများသည် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အထိုက်အလျောက်အကျိုးရှိမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
အဆိုပါသင်္ဘောတွင် စေတနာ့ဝန်ထမ်း ၂၀၀ ခန့်လိုက်ပါခဲ့ပြီး အစားအသောက်၊ ဆေးဝါးနှင့် အ၀တ် အထည် ပစ္စည်းများ စုစုပေါင်းတန် ချိန် ၂၃၀၀ သယ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ယင်းကဲ့သို့အကူအညီပစ္စည်းများ ထောက်ပံ့နိုင်ရန်အတွက် 1 Malaysia Putra Club နှင့်အစ္စလာမ်မစ် အဖွဲ့အစည်းများ မလေးရှား အတိုင်ပင်ခံကောင်စီတို့နှင့် တူရကီနိုင်ငံရှိ Turkiye Diyanet Vakfi ဖောင်ဒေးရှင်း
တို့က ဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ယင်းသင်္ဘောပေါ်တွင်လိုက်ပါလာသည့် စေတနာ့ဝန်ထမ်းများမှာ ဆေးဘက်ဆိုင်ရာ၊ လူ့စွမ်းအား အရင်း အမြစ်ဆိုင်ရာနှင့် နိုင်ငံတကာ မီဒီယာသမားများအပြင် မလေးရှားနိုင်ငံနှင့် အခြားနိုင်ငံများမှ NGO အဖွဲ့ဝင်များ ပါဝင်ကြကြောင်း သိရသည်။