ရွှေဝယ်လျှင် အခွန်ဆောင်ရမည်ဆိုပါက ဝယ်လိုအားလျော့ဖွယ်ရှိ

ရွှေဝယ်ယူမည်ဆိုပါက ကုန်သွယ်ခွန် သုံးရာခိုင်နှုန်း ပေးဆောင်ရန် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည့်အတွက် ဈေးတက်၍ ဝယ်လို အား လျော့ကျသွားမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက ရေးဆွဲထားသည့် ထိုဥပဒေကြမ်းကို လွှတ်တော်၌ အတည်ပြုပြီးပါက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှစ၍ ပေးဆောင်ရမည်ဖြစ်သည်။

“တကယ်လိုတဲ့သူပဲ ဝယ်တော့မှာပေါ့။ ရောင်းအားကတော့ တော်တော်ကျသွားမယ်” ဟု တိတ်စိန်ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ပြောဆိုသည်။

ပြည်တွင်း ရွှေဝယ်ယူသူများသည် ငွေပိုငွေလျှံရှိ၍ ငွေစုသကဲ့သို့ ဝယ်ယူကြခြင်းဖြစ်ပြီး ထိုသို့ အခွန်အခ ပိုမို ပေးဆောင်ရမည်ဆိုပါက ဝယ်ယူမည့်သူရှိမည် မဟုတ်တော့ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

ရွှေရောင်းချခြင်းမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ရွှေလုပ်ငန်းရှင်များက ဝေဖန်ခဲ့ကြသည့်အတွက် ၂၀၁၇ အခွန်ဥပဒေကြမ်းမှသာ သုံးရာခိုင်နှုန်း အဖြစ် ကောက်ခံရန် ထည့်သွင်းလာခြင်း ဖြစ်သည်။

ထိုသို့ ကုန်သွယ်ခွန် သုံးရာခိုင်နှုန်း ပေးဆောင်ရမည်ဆိုပါက လက်ရှိရွှေဈေးအရ (၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၈၈၇,ဝ၀ဝ) ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၂၅,ဝ၀ဝ ခန့် ပိုမို ကုန်ကျလာမည်ဖြစ်သည်။

လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းမွန်ခြင်းမရှိသော်လည်း ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့် ပြီးခဲ့သည့်အပတ်ကထက် ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် တစ်သောင်းခန့် မြင့်တက်လျက်ရှိပြီး ၁၆ ပဲရည် တစ်ကျပ်သားလျှင် ၈၈၇,ဝ၀ဝ ခန့်ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

The Voice