ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်အပေါ် မူတည်၍ အပြောင်းအရွှေ့ဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးပြော

လာမည့်ပညာသင်နှစ် ဧပြီကစတင်၍ ဆရာ၊ ဆရာမ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ကျောင်းပြောင်း ရွှေ့မည် ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။ ကျောင်းအပြောင်းအရွှေ့ များကို ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ နယ်မြေဒေသအနီး၊ အဝေးကို ထည့်သွင်းစဉ်းစား တွက်ချက်မည် ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

‘‘ဆရာ၊ ဆရာမအားလုံးကို ငါးနှစ်ပြည့်ပြီဆိုတာနဲ့ စွမ်းဆောင်ရည်ကောင်းရင် ဒီဘက်ကျောင်းကနေ ဟိုဘက် ကျောင်းကိုပြောင်းရမယ်။ စွမ်းဆောင်ရည်မကောင်းရင် နည်းနည်းဝေးတဲ့နေရာသွားရ မယ်’’ ဟု နေပြည်တော်တွင် ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသော ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ ဗဟိုအဆင့် ညှိနှိုင်း ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထည့်သွင်းပြောကြားခဲ့သည်။

ဆရာ၊ ဆရာမများသည် ကျောင်းသူ၊ ကျောင်းသားများအား စာသင်ကြားရာတွင် စေတနာ၊သတ္တိနှင့် အနစ်နာခံမှု များမရှိပါက ၎င်းတို့၏ ကံသာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ထို့အပြင် ကျောင်းသားများ၏ စာမေးပွဲရလဒ်များသည် ၎င်းတို့၏ စွမ်းဆောင်ရည်မဟုတ်ဘဲ ဆရာများ၏ သင်ကြားပေးနိုင်သော စွမ်းရည်ကိုသာ တိုင်းတာခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

‘‘ဆရာ၊ ဆရာမက ကျောင်းသား၊ ကျောင်းသူကို ဘယ်လောက်တတ်အောင် သင်ပေးနိုင်တယ်ဆိုတဲ့ စွမ်းဆောင် ရည်ကို တိုင်းတာတာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို စာမေးပွဲချဖို့ မဟုတ်ပါဘူး’’ ဟု ပြည်ထောင်စု ၀န်ကြီးကဆိုသည်။

ဝန်ကြီးဌာန၏ စာရင်းများအရ နိုင်ငံတစ်ဝန်း အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၄၆,၀၀၆ ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ကိုးသန်း ခန့်ရှိကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။ ပြည်ထောင်စုဝန်ကြီးက လာဘ်ပေး၊ လာဘ်ယူကိစ္စရပ်ကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး ၀န်ကြီးဌာနအတွင်း လက်ဆောင်ပစ္စည်းမယူရန် မှာကြားသွားသည်။

‘‘ရာထူးတိုးခြင်း၊ ပြောင်းခြင်း၊ အဆင့်တိုးခြင်း၊ စာစစ်ဌာနအသစ် ဖွင့်လှစ်ခြင်းအတွက် မည်သူတစ်ဦးတစ်ယောက် ကိုမျှလည်း ကျွန်တော်တို့ဘက်မလိုက်ဘူး။ မည်သူတစ်ဦး တစ်ယောက်ကိုမျှလည်း မျက်နှာသာမပေးဘူး။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်ရမယ့်ဟာကိုပဲ ကျွန်တော်တို့ သမာသမတ်အရှိနိုင်ဆုံး စေတနာ ထားပြီးတော့ပဲ ဆောင်ရွက်ပေးတယ်’’ ဟု ၎င်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။