လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းပေးရန် ပြည်ခိုင်ဖြိုးအမတ်မေးမြန်း

 

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲထားပြီးဖြစ်၍ လွှတ်တော်သို့ တင်သွင်းရန်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ကပြောသည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၏ မေးမြန်း မှုကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ယင်းသို့ဖြေကြားခြင်းဖြစ်သည်။

‘‘လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်တဲ့ဥပဒေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေးဆွဲတဲ့ အခါမှာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ညှိနှိုင်းပြီးတော့ ရေးဆွဲထားတဲ့အပေါ်မှာ ပြန်လည်ပြင်ဆင် ဖြည့်စွက်နိုင်အောင် လွှတ်တော်ရောက်တဲ့အခါမှာ Issue (အကြောင်းအရာ) တွေ အများကြီးမပေါ် အောင် စီစဉ်ထားပါတယ်’’ ဟု ဦးအောင်မြင့်က ပြောသည်။
အထက်ပါဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်နေ ကြောင်းနှင့် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးပါက ယင်းဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ထည့်သွင်းဖြေကြားသည်။
ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်က ဥပဒေကြမ်းကို တင်ပြနိုင်မည့်ကာလနှင့် အတည်ပြုနိုင်မည့် ကာလတို့ကို ထပ်မံမေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က တင်ပြနိုင်မည့် ကာလကို ဖြေကြားခြင်းမရှိပေ။
သို့သော် ယင်းဥပဒေနှင့်ပတ်သက်၍ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် လွှတ်တော် ကိုယ်စား လှယ်များ၏ ဆွေးနွေးတင်ပြချက်များကို လေ့လာသုံးသပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် မူဘောင်နှင့်အညီ ဥပဒေကြမ်းအဖြစ် ပြည့်စုံစွာရေးဆွဲထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

# 7 Day Daily