ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ KSYN လူငယ်တာဝန်ခံအဖွဲ့နှင့်တွေ့ဆုံ

ကယားပြည်နယ်လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်ရလဒ်များကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်း၌ လာရောက် ဆွေးနွေးကြသည်။ ယင်းဆွေးနွေးပွဲတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊လွိုင်ကော်ခရိုင်ပါတီဥက္ကဋ္ဌဦးမျိုးမြင့်ဦး၊ အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုး၊ ခရိုင်ကော်မတီဝင်ဦးစူးရယ်၊ လွိုင်ကော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေ၊ အတွင်းရေးမှူး ဦးကူးရယ်၊ ကယားပြည်နယ်KSYN လူငယ်တာဝန်ခံဦးမျိုးလှိုင်ဝင်းနှင့်အဖွဲ့ဝင်ခြောက်ဦးတို့ အသီးသီးတွေ့ဆုံဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် လူငယ်နှင့် နိုင်ငံရေး၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့် အလုပ်အကိုင်အခွင့် အလမ်း ခေါင်းစဉ်သုံးခုဖြင့် အကျယ်တဝင့်ဆွေးနွေးကာ မွန်းလွဲ ၃ နာရီတွင် ပြီးစီးခဲ့သည်။
လူငယ်နှင့်ငြိမ်းချမ်းရေးဖိုရမ်ကို ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တောကက်သလစ် ဓမ္မာရုံတွင် ယခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်ကျင်းပခဲ့သည်။ ယင်းဖိုရမ်တွင် ကယားပြည်နယ်ရှိ မြို့နယ်အလိုက် လူငယ်များ၊ လူငယ်အသင်းအဖွဲ့အစည်းများစသည့် လူငယ် စုစုပေါင်း ၁၂ဝ တက်ရောက်ခဲ့သည်။ ထိုဖိုရမ်တွင် လူငယ်နှင့်နိုင်ငံရေးအပြောင်းအလဲကာလ၊ လူငယ်နှင့်အခွင့်အလမ်း၊ မြန်မာနိုင်ငံရေး ငြိမ်းချမ်းရေးဖြစ်စဉ်များကို တင်ပြဆွေးနွေးမှုများပြုလုပ် ခဲ့ကြောင်း၊ သို့ဖြစ်ရာ ဖိုရမ်နှင့်ပတ်သက်ပြီး ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီသို့ လာရောက်ရှင်းလင်းဆွေးနွေးရခြင်းဖြစ်သည်။ ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက ကယားပြည်နယ် KSYNလူငယ်အဖွဲ့ တာဝန်ခံထံသို့ ၂ဝ၁၇ခုနှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပြက္ခဒိန်အား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)


Leave a Reply