ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အစည်းအဝေး ဒီဇင်ဘာလဆန်းကျင်းပရန် လျာထား

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဒီဇင်ဘာပထမပတ်တွင် နေပြည်တော်၌ ကျင်းပရန် လျာထားကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ဒီဇင်ဘာ ပထမပတ်အတွင်း PPST အစည်းအဝေးခေါ်ယူခြင်း၊ NCA လုပ်ငန်းများ အကောင်အထည်ဖော်မှု ပြန်လည် သုံးသပ်ခြင်းနှင့် အစိုးရခေါင်းဆောင်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ပူးတွဲခေါ်ယူမည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ပြုလုပ်ခြင်းတို့ ဆောင်ရွက်ရန် လျာထားသည်ဟု ၎င်းက ဆိုသည်။

‘‘အနည်းဆုံး လေးရက်၊ ငါးရက်လောက်ကြာမယ့် ပွဲဖြစ်သွားတယ်။ လေးရက်၊ ငါးရက်တစ်ဆက်တည်း ခေါင်းဆောင်တွေ အားဖို့ လိုတယ်။ ဒါကြောင့် အဲဒီမှာ ဒီဇင်ဘာ ပထမပတ်ကိုတော့ လျာထားတာပေါ့’’ ဟု (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်ပြောကြားသည်။

PPST အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရမည့်တာဝန်များနှင့် ပတ်သက်၍ ၎င်းက ‘‘ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင် ဖို့ပေါ့။ ဒါက အဓိကပေါ့။ လောလောဆယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကောင်အထည်ဖော်မှုရှိတာက NCA စာချုပ်တစ်ခုတည်းကိုး။ ဒီစာချုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အောင်အောင်မြင်မြင်ဖြစ်ဖို့ပေါ့။ ဒီအကောင်အထည်ဖော်တာတွေကို ကြီးကြပ်ပြီးတော့ မှန်မှန်ကန်ကန်နဲ့ အောင်အောင်မြင်မြင်ဖြစ်ဖို့ ဒါကိုလုပ် ပေးရမယ်။ ဒါက PPST ရဲ့ ပထမတာဝန်ပေါ့။ ဒုတိယတာဝန်ကတော့ မထိုးသေးတဲ့အဖွဲ့တွေ ထိုးလာအောင် ဘယ်လိုလုပ်မလဲဆိုတာ နည်းလမ်းရှာဖွေဖို့က ဒုတိယတာ ဝန်ပေါ့’’ ဟုဆိုသည်။

PPST အဖွဲ့ခေါင်းဆောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်သည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ဖြစ်သည်။

တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင် တစ်ဦးစီဖြင့် ဖွဲ့စည်းထားသည်။

# 7 Day Daily


Leave a Reply