NCA ရေးထိုးထားသည့်အဖွဲ့များ၏ နိုင်ငံရေးကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ လေးရက်ကြာ ပြုလုပ်မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့၏ နိုင်ငံရေးကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ နိုဝင်ဘာ (၂၃) ရက်မှ (၂၆) ရက်အထိ လေးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ငါးဦးတက်ရောက်မည် ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးရေး ရာဖွံ့ဖြိုးရေးနှင့် သုတေသနအ သင်း(CDES)မှ သိရသည်။

အဆိုပါနိုင်ငံရေးကဏ္ဍအ လုပ်ရုံဆွေးနွေးပွဲတွင် လက်ရှိမြန်မာ့ငြိမ်းချမ်းရေး၌ ပါဝင်ဦးဆောင်လျက်ရှိကြသည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လူမှုအသင်းအဖွဲ့တို့မှ ပုဂ္ဂိုလ်များအပြင် ကိုလံဘီယာနှင့် ကနေဒါနိုင်ငံတို့မှ ပညာရှင်များ ပါဝင်ဆွေးနွေးမည့် ငြိမ်းချမ်းရေးဖိုရမ်ကို အစီအစဉ်တစ်ခုအဖြစ် ထည့်သွင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

CDES မှ Project Coordi-nator ဆလိုင်းငွန်းလျန်ဆန်းက ‘‘အထူးသဖြင့် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ရယ်။ ပြီးတော့ အစိုးရဘက်ကဆိုရင် ဒေါက်တာတင်မျိုးဝင်းတို့၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး အငြိမ်းစားတို့ သူတို့တွေပါဝင်ပြီး စကားပြောမယ်။ နိုင်ငံတကာအနေနဲ့ ကနေဒါနဲ့  ကိုလံဘီယာပေါ့။ အဲဒီက ပရော်ဖက်ဆာ နှစ်ယောက်၊ သုံးယောက်က စကားပြောမယ်။ လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အရာပေါ့’’ ဟု ပြောကြားသည်။

နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို အောင်မြင်စွာ မည်သို့ ဖြေရှင်းရမည်ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပမည့် ငြိမ်းချမ်းရေးဖိုရမ်ကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီမှ စတင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်လာသူများကလည်း သိလိုသည်များ မေးမြန်းနိုင်ဟု သိရသည်။

‘‘ဆွေးနွေးရတဲ့ ရည်ရွယ်ချက်က လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးတာပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လူတွေပိုသိအောင်ပေါ့။ လာတက်တဲ့လူတွေက ဆွေးနွေးမေးမြန်းတဲ့ အချိန်တွေရှိမယ်’’ ဟု ဆလိုင်းငွန်းလျန်ဆန်း က ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ယခု နိုင်ငံရေးကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲသည် လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးညီလာခံများ၌ ဆွေးနွေးရန် မူဝါဒပိုင်းဆိုင်ရာ ဘုံသဘောထားရယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်

# 7 Day Daily


Leave a Reply