မန္တလေးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို LED ဘုတ်ဖြင့် ဘာသာပြန်ပြသရန် တိုင်းအစိုးရစီစဉ်

စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အခြေပြမိန့်ခွန်းကို မန္တလေးမြို့ မနော်ရမ္မံကွင်းတွင် LED ဘုတ်ဖြင့် တိုက်ရိုက်ပြသမည့်အပြင် ဘာသာပြန်ထည့်သွင်းရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေသည်။ ‘‘တိုက်ရိုက်ပြနိုင်အောင် ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ တိုင်းအစိုးရ အဖွဲ့ရဲ့အစီ အစဉ်နဲ့ လုပ်ဆောင် ပေးတာဖြစ်ပါတယ်’’ဟု မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  သည် စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို အင်္ဂလိပ်ဘာသာဖြင့် ပြောကြားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အရေး   ထည့်သွင်းပြောကြားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည်။

‘‘သူ (ဒေါ်အောင်ဆန်းစု ကြည်)က အင်္ဂလိပ်လိုပဲ နိုင်ငံတကာကိုရှင်းမယ်ဆိုတော့ကျန်တဲ့ မြန်မာ ပြည်သား တွေလည်း သိဖို့အတွက် လုပ်ပေးရမယ်လေ။ နောက်တစ်နေ့မှဆိုရင် ဘာတွေ ပြောသွားတယ်ဆိုတာ ချက်ချင်း မသိနိုင်ဘူးလေ။ အဲဒီအတွက် တိုက်ရိုက်ကြည့်နိုင်အောင် လုပ်ပေးသွားမှာ ဖြစ်ပါတယ်’’ဟု ဦး စိုင်းကျော်ဇော က ပြောသည်။

လက်ရှိတွင် မန္တလေးမြို့၌ ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း ကို LED ဘုတ်ဖြင့် တိုက်ရိုက်ပြ မည့်အစီအစဉ်ကို မနော်ရမ္မံကွင်းတွင်သာ ပြသနိုင်ရန် စီစဉ်ထားသေးကြောင်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သိရသည်။