ကြားဖြတ်ရွေးကောက်ပွဲအတည်ပြုမဲစာရင်း မတ်လတတိယပတ်တွင် ထုတ်ပြန်မည်

လာမည့်ကြားဖြတ်ရွေး ကောက်ပွဲအတွက် အတည်ပြုမဲစာရင်းကို မတ်လတတိယပတ်တွင် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲအ တွက် အိမ်တိုင်ရာရောက်မဲစာရင်း ကောက်ယူမှုများ စတင်ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကောက်ယူမည်ဖြစ်သည်။

ကောက်ယူရရှိသော မဲစာရင်းများကို ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမည် ဖြစ်ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။

သို့ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းသွားရောက် ကြည့်ရှုစစ်ဆေးကာ အမည်မပါလျှင် ဖြည့်စွက်ပေးရန်၊ မှားယွင်းနေလျှင် ပြင်ဆင်ပေးရန်နှင့် ကွယ်လွန်သူများပါနေလျှင် ကန့်ကွက်ရန်တို့ တောင်းဆိုကြရန် ရွေးကောက်ပွဲ ကော်မရှင်က မေတ္တာ ရပ်ခံထားသည်။

အဆိုပါမဲစာရင်းအပြီးတွင် အတည်ပြုမဲစာရင်းကို မတ်လတတိယပတ်တွင် ကပ်ရန်လျာ ထားခြင်းဖြစ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိကာ ပြည်သူ့ လွှတ်တော်အတွက် ကိုးနေရာ၊ အမျိုးသားလွှတ်တော်အတွက် သုံးနေရာ၊ ပြည်နယ်လွှတ်တော်အတွက် ခုနစ်နေရာ တို့ပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအရ မဲဆန္ဒရှင်နှစ်သိန်းခွဲ ကျော်ရှိခဲ့သည်။

သို့သော် ထိုစဉ်က အသက်မပြည့်၍ မဲစာရင်းထဲ မပါဝင်ခဲ့ရသူများနှင့် ကွယ်လွန်သူအချို့ရှိခဲ့ရာ လာမည့် ကြားဖြတ်အတွက် မဲစာရင်းမှာ အနည်းငယ်အပြောင်း အလဲရှိနိုင်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် မဲစာရင်းကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သည် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။

# 7 Day Daily


Leave a Reply