ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်နှင့် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး သီးခြားစီတွေ့ဆုံ၍ ရခိုင်အရေးဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ရက်နိုမာဆူဒီသည် စက်တင်ဘာ ၄ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံ၍ ရခိုင် ပြည်နယ်အရေး အဓိကထားဆွေး နွေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အင်ဒိုနီးရှားက ပါဝင်ပံ့ပိုး ပေးနိုင်ရေးနှင့် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ နိုင်ငံတော်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊  နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်တို့လည်း တက်ရောက်ခဲ့သည်။

ထို့အတူ မစ္စစ်ရက်နိုမာဆူဒီသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ် များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး သတင်းထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

အင်ဒိုနီးရှားမီဒီယာများတွင် မစ္စစ်ရက်နိုမာဆူဒီသည် မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တင်းမာမှုများကိုလျှော့ချနိုင်ရေး ဦးစားပေးလုပ်ဆောင် ရန်နှင့်ချက်ချင်း အကောင်အထည်ဖော်ရန် လိုအပ်သည့် အချက်ငါးချက်ပါ အစီအစဉ်တစ်ရပ်ကို မြန်မာအစိုးရထံ တင်ပြခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၏ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု ပုံစံအားလုံးကို ချက်ချင်းတားဆီးရေး မြန်မာနိုင်ငံ၏ လုံခြုံရေးအာဏာပိုင်များက လုပ်ဆောင်ရန် လိုအပ်ပြီး မွတ်စလင်များအပါအဝင် ပြည်သူအားလုံးကို အကာအကွယ်ပေးရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ရခိုင် ပြည်နယ်အရေးနှင့်ပတ်သက်၍ ဆန္ဒပြမှုများမကြာသေးမီက ဖြစ်ပွားခဲ့ပြီး ဂျကာတာရှိ မြန်မာသံရုံး ကို မီးလောင်ဗုံးဖြင့် ပစ်ပေါက်မှု စက်တင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့သည်။