အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို စတင်ဖွဲ့စည်း

အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့က စက်တင်ဘာ ၂၈ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၆ ဖြင့် ထုတ်ပြန်သည့် အဆိုပါကော်မရှင်၏ ဥက္ကဋ္ဌနေရာကို ဒေါက်တာမျိုးမြင့် (ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး- ငြိမ်း) က တာဝန်ယူမည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌနေရာကို ဦးညီလှငယ် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး-ငြိမ်း) တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် ဖွဲ့စည်းကြောင်းကို ထုတ်ပြန်ခဲ့ရာ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကိုပါ ထည့်သွင်းကြေညာခဲ့ပြီး အတွင်းရေးမှူးအဖြစ် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲ၊ တွဲဖက် အတွင်းရေးမှူးအဖြစ် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေ၀င်းဦးတို့က တာဝန်ယူ မည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

“ပညာရေးဌာနလက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေရဲ့ မူဝါဒတွေတင်မကဘဲ အခြားဝန်ကြီးဌာနအောက်တွေမှာ ရှိတဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ကျောင်းတွေ၊ ဦးစီးဌာနတွေရဲ့မူဝါဒတွေကိုပါ ကိုင်တွယ်သွားမှာပါ။ ဦးစီးဌာန တွေမှာ မူဝါဒပြဋ္ဌာန်းပြီးသားတွေလည်း ရှိတယ်။ ပြဋ္ဌာန်းထားတာတွေကို ပယ်ဖျက်ခွင့်၊ အသစ်ပြန်လည် ရေးဆွဲခွင့် တွေလည်း လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတာဖြစ်တဲ့အတွက် အရမ်းကြီးမားတဲ့မူဝါဒမျိုးတွေနဲ့ပတ်သက်ရင်တော့ ပြည်ထောင်စုလွှတ်တော်ကို အရင်တင်ပြပြီးမှ ဆောင်ရွက်ရမှာ ပါ။ ဒီကော်မရှင်က မူဝါဒတွေနဲ့ပတ်သက်ရင် အဓိကကျ သွားတာပေါ့ ” ဟု ဒေါက်တာခိုင်မြဲက ပြောကြားသည်။

အဆိုပါကော်မရှင်ကို ပညာရေးကဏ္ဍအသီးသီးမှ ပညာရှင်များ၊ ဥပဒေပညာရှင်၊ နိုင်ငံတော်သမ္မတမှ ရွေးချယ် သောသူ၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်တို့မှ ရွေးချယ်သောသူ ၂၁ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီကကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဖွဲ့စည်းရေးကို အတည်ပြုကြေညာခဲ့သည်။

Democracytoday


Leave a Reply