ရပ်/ကျေးဥပဒေတွင် ဧည့်စာရင်းတိုင်ကြားရန် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်လိုက်ပြီ

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ဧည့်စာရင်း တိုင်ကြားရန်ပြဋ္ဌာန်းချက်အား ပယ်ဖျက်ရန် စက်တင်ဘာ ၁၉ ရက် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

ရပ်ကွက်သို့မဟုတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် စတင်တင်သွင်းဆွေးနွေးပြီး ဧည့်စာရင်း တိုင်ကြားရန်၊ စစ်ဆေးရန်နှင့် ပျက်ကွက်ပါက အရေးယူရန် ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၁၃(ဆ)ကို ပယ်ဖျက်ကြောင်း အတည်ပြုချက်နှင့်အတူ အခြားအတည်ပြုချက်များဖြင့် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သည်။

ယင်းသို့ပေးပို့ချက်အပေါ် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ပုဒ်မ၁၃(ဆ)ကို ပယ်ဖျက်ရန် မသင့်ကြောင်းနှင့် အခြား ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့ပြီး ယင်းအစီရင်ခံချက်အပေါ်မူတည်ကာ ပြည်သူ့ လွှတ်တော်တွင် စက်တင်ဘာ ၁၉ ရက်က စတင်ဆွေးနွေးခဲ့သည်။ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထွန်းမြတ်ဆွေက အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေ စဉ် တပ်မတော်သားကိုယ်စားလှယ်များအနေဖြင့် ဥပဒေပါ ပုဒ်မ ၁၃ (ဆ)၊ ၁၇၊ ၂၇ တို့ကို ပယ်ဖျက်ရန်မသင့်ဟု ဆွေးနွေးခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသားလွှတ်တော်က လုံခြုံရေး ရှုထောင့်ကို မျက်ကွယ်ပြုကာ အများဆန္ဒမဲဖြင့် ပယ်ဖျက်ရန် အတည်ပြုခဲ့ကြောင်း ဆွေးနွေးပြောကြားသည်။

“ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုရဲ့ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေး၊ အုပ်ချုပ်ရေး ပကတိအခြေအနေအရ အမှန်တကယ်လိုအပ်လို့ ထည့်သွင်းထားခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးထွန်းမြတ်အေးက ဧည့်စာရင်းဆိုင်ရာ ပြဋ္ဌာန်း ချက်ကို ပယ်ဖျက်ခြင်းမပြုရန်ပြောသည်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီကပုဒ်မ၁၃(ဆ)ကို ပယ်ဖျက်ခြင်းမပြုဘဲ အစားထိုးပြင်ဆင်ရန် အစီရင်ခံခဲ့ပြီး အခြား ရပ်ကွက် သို့မဟုတ် ကျေးရွာတစ်ခုမှ ညအိပ်ညနေ လာရောက်တည်းခိုသော ဧည့်သည်များအတွက် ဧည့်စာရင်း တိုင်ကြားခြင်းကိုလက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်းတိုင်ကြားရန် တမင်ပျက်ကွက်လျှင် အရေးယူခြင်းဟု အစားထိုးရန် တင်ပြခဲ့ခြင်းအပေါ် ထောက်ခံကြောင်း ဗိုလ်မှူးကြီးထွန်း မြတ်ဆွေက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အမျိုးသားလွှတ်တော်၏ အတည်ပြု ချက်အတိုင်း ဧည့်စာရင်းဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ၁၃(ဆ)ကို ပယ်ဖျက်ရန် ပြောကြားခဲ့သည်။

ယင်းပုဒ်မ၁၃(ဆ)ကို အမျိုးသားလွှတ်တော်၏အတည်ပြုချက်အတိုင်း ပယ်ဖျက်ဖို့ဆွေးနွေးရန်စာ ရင်းတင်သွင်းထားသူ ကိုယ်စားလှယ် ၁၄ ဦးရှိကာ ယင်းတို့ကိုယ်စား တစ်စုတစ်စည်းတည်း ဦးမြင့်ထွန်း က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့အချိန်ပါ။ အဲဒီအချိန်မှာ ဒီမိုကရက်တစ် မဆန်တဲ့ဥပဒေတွေကို ဖျက်သိမ်းသင့်ပြီလို့ ထင်ပါတယ်။ ဧည့်စာရင်းတိုင်လို့ ပြည်သူတွေရဲ့ဘ၀တွေ လုံခြုံမယ်လို့ အကြင်းမဲ့မယုံကြည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဧည့်စာရင်းတိုင်ကြားလို့ လူဆိုး၊ သူခိုး၊ ၀ရမ်းပြေးတွေ ဖမ်းမိတယ် ဆိုတာ မရှိသလောက် ရှားပါတယ်။ နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာသူတွေလည်း ဧည့်စာရင်းတိုင်ကြားလို့ ဖမ်းမိ တယ်ဆိုတာမရှိ သလောက်ရှားမယ်ထင်ပါတယ်””ဟု ဦးမြင့်ထွန်းကပြောသည်။

ယင်းဧည့်စာရင်းတိုင်ရန် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပါကလည်း စိုးရိမ်စရာမရှိကြောင်း၊ ရပ်ကျေးဥပဒေကြမ်းပါ ၁၃(ဇ)တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်းနေထိုင်သော မသင်္ကာဖွယ်သူစိမ်းတွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းနှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံရမည်ဟုပါရှိကြောင်း ဦးမြင့်ထွန်းကပြောသည်။ “ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းစစ်ခွင့် မရှိတောင်မှ ဥပဒေအရ မသင်္ကာဘူးဆိုရင် သတင်းပို့ခွင့်ရှိပါတယ်။ ဒါဆို လုံလောက်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ယင်းသို့ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ သဘောထားကိုမေးမြန်းရာ ဥပဒေကြမ်းကော်မတီက မူလအစီရင်ခံစာတင်သကဲ့သို့ ပုဒ်မ ၁၃(ဆ)ကို မူလအတိုင်းထား ရန် သဘောထားမပေးတော့ဘဲ ဦးမြင့်ထွန်း၏ ဆွေးနွေးချက်အတိုင်း ဧည့်စာရင်းဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (ဆ)ကို ပယ်ဖျက်ရန် သဘောထားပေးခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးကမူ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု များကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အခြေခံကျသောစာရင်းဇယား ရရှိရန်လိုအပ်ကြောင်း၊ ဒေသတွင်း ပြောင်းရွှေ့သွားလာ နေထိုင်မှုစာရင်းဇယားကို အချိန်နှင့်တစ်ပြေးညီ ရရှိရေးမှာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးကြောင်းပြောသည်။

“ဧည့်စာရင်းစစ်ဆေးမှုတွေမှာ အားနည်းချက်များဖြစ်ပေါ်ခဲ့တာ မှန်သော်လည်းပဲ ဒီလိုဖြစ်ပေါ်ခဲ့ခြင်းဟာ ဥပဒေရဲ့ အမှား မဟုတ်ဘဲနဲ့ ဥပဒေကို ကိုင်တွယ်ကျင့်သုံးကြတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အားနည်းချက်တွေကြောင့်ပဲလို့ ယူဆစေလိုကြောင်း ပြောကြားလိုပါတယ်” ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ထပ်လောင်းပြောကြားကာ ဧည့်စာရင်းဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (ဆ)ကို မူလအတိုင်းထားရှိသင့်ကြောင်း ပြောသည်။

ထို့သို့သောအခြေအနေကြောင့် လျှို့ဝှက်မဲဖြင့် စက်ခလုတ်သုံးမဲခွဲ ဆုံးဖြတ်ခဲ့ရာ ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ပုဒ်မ၁၃ (ဆ) ကိုပယ်ဖျက်ရန် ထောက်ခံမဲ ၂၃၅ မဲ၊ ကန့်ကွက်မဲ ၁၅၆ မဲ၊ ကြားနေမဲ လေးမဲဖြင့် ဧည့်စာရင်း ဆိုင်ရာပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အတည်ပြုလိုက်သည်။

#Democracytoday


 


Leave a Reply