လိပ်ကျွန်းအမှု သေဒဏ်ကျ မြန်မာနှစ်ဦး မေ ၂၃ ရက်တွင် အယူခံဝင်မည်

13081804_1136480829709399_320826700_n

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနှစ်ဦးအတွက် မေလ (၂၃) ရက်တွင် အယူခံ ဝင်သွားမည် ဖြစ်ကြောင်း အဆိုပါအမှုတွင် လိုက်ပါကူညီဆောင်ရွက်နေသူ ဦးစိန်ဌေးက ပြောကြားသည်။

စာမျက်နှာပေါင်း နှစ်ရာကျော်ရှိသည့် အဆိုပါ အယူခံလွှာကို ယင်းအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ထိုင်းရှေ့နေ များအဖွဲ့က မေ ၂၃ ရက် နံနက် ၉ နာရီတွင် ကော့မမွေ အယူခံတရားရုံးသို့ တင်သွင်းကြမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MWRN) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။

မြန်မာနှစ်ဦး၏မိခင်များကလည်း အယူခံဝင်ရာသို့ လိုက်ပါမည်ဖြစ်ပြီး ထောင်ဝင်စာ တွေ့ဆုံရန်လည်း စီစဉ်ထား ကြောင်း ဦးစိန်ဌေးက ပြောဆိုသည်။

အယူခံလွှာရေးသားရန် အချိန်ငါးလခန့်ယူခဲ့ရပြီး အမှုလိုက်ထိုင်းရှေ့နေ ခုနှစ်ဦးနှင့်အတူ မြန်မာ၊ ဘင်္ဂလိပ် ဘာသာ ပြန်များ၊ အကြံပေး ပညာရှင်များကလည်း ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အယူခံဝင်ခွင့်ကို ဖေဖော်ဝါရီလ ၂၄ ရက်သို့ တစ်ကြိမ်၊ မတ်လ ၂၄ ရက်သို့ တစ်ကြိမ်၊ ဧပြီလ ၂၂ ရက်သို့ တစ်ကြိမ်၊ ယခု မေလ ၂၃ ရက်သို့ တစ်ကြိမ် ကော့စမွေ အယူခံတရားရုံးက သက်တမ်းတိုးခွင့် ပြုခဲ့သည်။ မေလ ၂၃ရက်ကို အယူခံဝင်ရန် နောက်ဆုံးရက်အဖြစ် တရားရုံးက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနှစ်ဦးကို ပြစ်မှုပုဒ်မ ခုနစ်ခုဖြင့် တရားစွဲ ဆိုကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ကော့စမွေ တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

The Voice Weekly


Leave a Reply