လေကြောင်းလိုင်းနှင့် အဝေးပြေးယာဉ်များ၏ E-Ticket များ စာတိုက်များတွင် ဝယ်ယူနိုင်

လေယာဉ်လက်မှတ်များနှင့် အဝေးပြေးကားလက်မှတ်များကို E- Ticket အီလက်ထရွန်နစ်စနစ်ဖြင့် ဝယ်ယူလိုသူများအနေဖြင့် မြန်မာ့စာတိုက်လုပ်ငန်း၏ စာတိုက်ခွဲများအားလုံးတွင် စတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့ စာပို့တိုက်လုပ်ငန်း (ရန်ကုန်တိုင်း) မှ သတင်းရရှိသည်။

 ‘‘လေကြောင်းလိုင်းလက်မှတ်နဲ့ အဝေးပြေးကားလိုင်းတွေရဲ့ လက်မှတ်အများစုကို အွန်လိုင်းငွေပေးချေစနစ်နဲ့ ဝယ်ယူနိုင်သလို မြန်မာ့စာတိုက်လုပ်ငန်းရဲ့ စာတိုက်ခွဲအားလုံးမှာသွားပြီး ငွေပေးချေပြီး ဝယ်ယူနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်’’ဟု မြန်မာ့စာပို့တိုက်လုပ်ငန်း(ရန်ကုန်တိုင်း) မန်နေဂျာ ဗိုလ်ကြီးသောင်းနိုင်စိုးက ပြောသည်။

လက်ရှိတွင် လေယာဉ်လက်မှတ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် ခရီးစဉ်သုံးခုကိုသာ ဝယ်ယူနိုင်သေးပြီး အဝေးပြေးကားလက်မှတ်များအား အွန်လိုင်းငွေပေးချေစနစ်ဖြင့် ချိတ်ဆက် ထားသည့် ယာဉ်လိုင်းအားလုံးထံမှ ဝယ်ယူနိုင်ကာ နိုင်ငံတစ်ဝန်းရှိ ခရီးစဉ်အများစုအတွက် လက်မှတ်များ ဝယ်ယူ ရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။

 ‘‘လေယာဉ်လက်မှတ်ကတော့ အခုမှ အစပဲရှိသေးတဲ့အတွက် ခရီးစဉ်ရော လေကြောင်းလိုင်းပါ နည်းနေပါသေး တယ်။ နောက်ပိုင်းမှာ E-Ticket စနစ်ကို လူတွေပိုပြီး အသုံးပြုလာကြမယ်ဆိုရင် ဒီထက်ပိုပြီး အဆင်ပြေအောင် တိုးချဲ့သွားဖို့လည်း စီစဉ်နေပါတယ်’’ ဟု ဗိုလ်ကြီးသောင်းနိုင်စိုးက ပြောသည်။

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် အဆိုပါဝန်ဆောင်မှုများအတွက် အွန်လိုင်းငွေပေးချေ ဝန်ဆောင်မှုကုမ္ပဏီ တစ်ခု ဖြစ်သည့် 2C2P နှင့်ပူးပေါင်းကာ ငွေပေးချေ ဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းပေါ်မှ မိုဘိုင်း App များအား အခငွေကြေးပေးကာ ဝယ်ယူခြင်းကိုလည်း စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

# 7 Day Daily


Leave a Reply