ရန်ကင်းမိုးကောင်းဆေးရုံကို ရှော့တိုက်ဒုံးဖြင့်ပစ်ခဲ့သည့် ဆရာဝန်တစ်ဦး အပါအဝင် ငါးဦးအား ဖမ်းဆီးရမိ

ရန်ကင်းမိုးကောင်းဆေးရုံကို ရှော့တိုက်ဒုံးဖြင့်ပစ်ခဲ့သည့် ဆရာဝန်တစ်ဦးအပါအဝင် ငါးဦးအားဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဒေါက်တာပြည့်ဖြိုးပိုင် ခေါင်းဆောင်သော အငါးဦးကိုရှော့တိုက်ဒုံးများ၊ သေနတ်များဖြင့် ဩဂုတ်လ ၄ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့များက ဖမ်းဆီးရမိကြောင်းသိရသည်။

ဩဂုတ် ၄ ရက်တွင် ဒေါက်တာပြည့်ဖြိုးပိုင်တို့အား ပို့ဆောင်ပေးသည့် ယာဉ်မောင်းသန်းနိုင်နှင့် Fielder ယာဉ်အမျိုးအစားနှင့်လည်းကောင်း ၊ ရွှေပြည်သာမြို့၊ (၅) ရပ်ကွက် ဒေါ်လွင်လွင်သက်အဆောင်တွင်နေသော ဂျယ်လီကို ဩဂုတ်လ ၆ ရက်တွင်လည်းကောင်း၊ တိုက်ခိုက်မှုကို ချိတ်ဆက်ဆောင်ရွက်ပေးသူ မိုက် (ခေါ်) ဇော်ကြီးအား ရွှေပြည်သာမြို့ (၆) ရပ်ကွက်ရှိသူ၏နေအိမ်မှလည်းကောင်း၊ ရှော့တိုက်ဒုံးများသိမ်းဆည်းပေးသူ နှင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါက်တာပြည့်ဖြိုးပိုင်အား ရွှေပြည်သာမြို့၊(ထ/၁၆)ရပ်ကွက်နေအိမ်တွင် ရှော့တိုက်ဒုံး ၉ လုံး၊ ပို့ကျည် ၉ ခု၊ Sigsauer ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ Glock ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ပွိုင့် ၃၈၀ ကျည် ၇၅ တောင့်၊ ၉ မမကျည် ၅၀ တောင့်၊အသံတိတ်ပြောင်းတစ်ခုကို ဖမ်းဆီးရမိခဲ့သည်။

ဩဂုတ်လ ၇ ရက်နေ့တွင် တိုက်ခိုက်မှုအတွက် စောင့်ကြည့်ပေးသူ ပင်ဒါ(ခေါ်) မင်းမင်းဦးကို ရွှေပေါက္ကံမြို့ (၂၁) ရပ်ကွက်နေအိမ်မှလည်းကောင်း အသီးသီးဖမ်းမိခဲ့ကြောင်းသိရသည်။

မိုးကောင်းရတနာ ဆေးရုံအား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရန်အတွက် KNLA တပ်မဟာ(၁)နယ်မြေတွင် တိမ်းရှောင်လျှက်ရှိသည့် People Force အမည်ခံ အဖွဲ့မှ စောချမ်းဟိန်းထက်(ဖမ်းဆီးရန်ကျန်)မှ ဖုန်း၊ Telegram မှခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ၊ People Force အမည်ခံအကြမ်းဖက်အဖွဲ့မှာ ၂၀၂၂ ဖေဖော်ဝါရီလအတွင်းက ရွေပြည်သာမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံ ၊ ဒဂုံမောက်ပိုင်းမြို့နယ်မှ လုံခြုံရေးကင်းစခန်းတစ်ခုနှင့် ရွေပြည်သာမြို့နယ်အတွင်းရှိ ပရဟိတအသင်းတစ်သင်းတို့အား လက်လုပ်ဗုံးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့‌ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

 People Force အဖွဲ့မှ စောချမ်းဟိန်းထက်အပါအဝင် လေးဦးအား ဖမ်းဆီးရန်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်အရသိရသည်။  source:eleven