ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်မည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကျင်းပမည့် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ (World Bamboo Day) အခမ်းအနားအား ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ International Business Center(IBC) ၌ စက်တင်ဘာ ၁၈ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အဆိုပါ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ (World Bamboo Day) အခမ်းအနားကိုမြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်းနှင့် ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ထောက်ပံ့ထားသော Business Innovation Facility ( BIF ) စီမံကိန်းတို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ဝါး ပညာရှင်များ၊ ဝါးလုပ်ငန်းရှင်များ၊ ဝါးအကြောင်းရေးသား အသိပညာပေးသူများ၊ ဝါးနှင့်ပတ်သက်သော ကွန်ရက်များ၊ ဝါးစိုက်ပျိုး ထုတ်လုပ်သူများ၊ ဝါးထုတ်လုပ် တင်ပို့သူများနှင့် ဝါးလက်မှုပညာရှင်များစွာ ပါဝင်တက်ရောက်ကြမည်ဖြစ်ကာ ဥရောပနိုင်ငံမှ Ms.Carmelita ၊ အိန္ဒိယနိုင်ငံမှ Ms. Rebecca Reubens ၊ အမေရိကန်နိုင်ငံမှ Jon Patric Kinzer ၊ အင်ဒိုနီးရှားနိုင်ငံမှ Mr. Arief Rabik တို့အပြင် ဗီယက်နမ်နိုင်ငံမှ Ms. Diep My Hanh တို့ တက်ရောက် ကြမည်ဖြစ်သည်။

အဆိုပါ နိုင်ငံခြားကုမ္ပဏီများမှ ဝါးနှင့်သက်ဆိုင်သော စက်ပစ္စည်းများ၊ ဝါးပရိဘောဂများ၊ ဝါးပညာပေးစာအုပ် စာတမ်းများအား ပြသသွားမည်ဖြစ်ပြီး ဝါးစိုက်ပျိုးရေးနှင့် သက်ဆိုင်သော ဟောပြောဆွေးနွေးမှုများ၊ ဝါးစက်မှု လက်မှု၊ ဝါးကုန်ထုတ်လုပ်ငန်းများ၊ နိုင်ငံတကာဈေးကွက်သတင်းများနှင့် သတင်းအချက်အလက်များကို ဖလှယ်ကြ မည်ဖြစ်ကာ နံနက်ပိုင်းတွင် ပြည်ပစာတမ်း နှစ်စောင်နှင့် ပြည်တွင်းစာတမ်း နှစ်စောင်ကို ဖတ်ကြားသွားမည် ဖြစ်ကြောင်းနှင့် မွန်းလွဲပိုင်းတွင် စုပေါင်း ဆွေးနွေးဖလှယ်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။

ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ (World Bamboo Day) အခမ်းအနားကို မြန်မာနိုင်ငံ၌ နှစ်စဉ်ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

# Myawady Daily


Leave a Reply