ရခိုင်ပြည်နယ်မြောက်ပိုင်းကမ်းခြေကို နောက်ငါးရက်အတွင်း မုန်တိုင်းဖြတ်ကျော်မည်ဟု သတိပေး

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်း ‘ROANU ‘ သည် မေလ (၂ဝ) ရက် နေ့ ညနေတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းခြေဒေသကို မုန်တိုင်းငယ်အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

အဆိုပါမုန်တိုင်းငယ်၏ ကမ်းရိုးဖြတ်အမှတ် (Landfall Point) မှာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေ (သို့မဟုတ်) ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနယ်စပ်ကမ်းခြေ၊ ရခိုင်မြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ခြင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကမ်းခြေတွင် လေတိုက်နှုန်း ၄၅ မိုင်အထိ လေပြင်းများတိုက်ခတ်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက် နိုင်ကြောင်း ၎င်းကပြောဆိုသည်။

“ဖြတ်ကျော်မယ့်အချိန်မှာတော့ အားပျော့ပြီး မုန်တိုင်းငယ် ဒါမှမဟုတ် လေဖိအားနည်းရပ်ဝန်း အရှိန်လောက်နဲ့သာ ဖြတ်ကျော်မယ်”ဟု ၎င်းကဆိုသည်။

ယင်းမုန်တိုင်း ဖြတ်ကျော်မည့်အရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မုတ်သုံလေ ဝင်ရောက်လာနိုင်ပြီး မိုးထစ်ချုန်း ရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ရာ ကမ်းရိုးတန်းဒေသများသည် မိုးသက် လေပြင်း ကျရောက်ခြင်းနှင့် လှိုင်းကြီးနိုင်ခြင်းစသည့်ဖြစ်စဉ်များ ကြုံတွေ့လာရနိုင်သည့်အတွက် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလေဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။

“၂ဝ ရက်နေ့လောက် ရခိုင်ကမ်းရိုးတန်းကို ဝင်နိုင်တယ်လို့ မိုးလေဝသ အေဂျင်စီတွေရယ်၊ ဌာနကရတဲ့ WRF Model Output အရ ခန့်မှန်းထားပါတယ်။ လောလောဆယ် ပင်လယ်ထဲဖြစ်နေတော့ အခြေအနေ ပြောင်းနိုင်သေးတယ်။ မုန်တိုင်းလမ်းကြောင်း ပြောင်းနိုင်သေးတယ်။ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့တော့လိုပါတယ်” ဟု ယင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး ပြောကြားသည်။

မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းဝင်ရောက်ခဲ့ပါက မုန်တိုင်းနှင့်အတူ မုတ်သုံဝင်ရောက်နိုင်ပြီး မုန်တိုင်းမဝင်ရောက်ပါက မုတ်သုံအဝင် နောက်ကျနိုင်ကြောင်း၊ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်းဒီရေနှင့် အချို့ဒေသများမှာ မိုးသည်းထန်ပြီး မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း ၎င်းကပြောဆိုသည်။

The Voice Weekly


Leave a Reply