လူနှင့် ကုန်စည်များ မှောင်ခိုဝင်ရောက်နေခြင်းများကြောင့် ထိုင်းနှင့် မလေးရှား နယ်စပ်တံတိုင်း ကာရန် ဆွေးနွေးမည်

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ နှစ်နိုင်ငံအနေဖြင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် ဘန်ကောက်သို့ လာရောက် လည်ပတ်ကာ ထိုင်းဝန်ကြီးချုပ်နှင့် မတွေ့ဆုံမီ တစ်ရက်အလို၌ နှစ်နိုင်ငံကြား နယ်စပ်တံတိုင်းကာရံရန် ဆွေးနွေး မည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၇ ရက်တွင် ပြောသည်။

မိုင်အရှည် ၃၉၈ မိုင်ရှိသည့် ထိုင်း-မလေးရှား နယ်စပ်တစ်လျှောက်တွင် လူမှောင်ခိုကူးမှုများနှင့် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း တရားမဝင် မှောင်ခိုကူးနေခြင်းများက ကြီးထွားလျက်ရှိပြီး ထိုင်းနိုင်ငံက ပြီးခဲ့သည့်နှစ်အတွင်း မှောင်ခိုလမ်းကြောင်းကိုဖျက်ကာ နှိမ်နှိမ်မှုများ လုပ်ဆောင်ခဲ့သည်။

မလေးရှားဝန်ကြီးချုပ် နာဂျစ်က တရားဝင် အလည်အပတ်ခရီးအဖြစ် ဘန်ကောက်သို့ သွားရောက်ရန်ရှိကာ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံကာ လုံခြုံရေးပူးပေါင်းမှုနှင့် ရင်းနှီးမြုပ်နှံမှုကိစ္စရပ်များအား ဆွေးနွေးကြ မည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် နယ်စပ်တံတိုင်းကာရံရေးက ဆွေးနွေးပွဲလုပ်ငန်းစဉ်အဖြစ် ပါဝင်မည်ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နယ်စပ်တံတိုင်းကာရံရေးက ဝန်ကြီးချုပ်နာဂျစ်ရဲ့ခရီးစဉ်မှာ ဆွေးနွေးမယ့်လုပ်ငန်းစဉ်တစ်ရပ်ပါ။ ဒါပေမယ့် ဒီတံတိုင်းကိစ္စက အဓိကရယ်လို့တော့ မဟုတ်ပါဘူး။” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ချီနာဝပ်က လာအိုနိုင်ငံ ဗီယင်ကျန်းတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးတစ်ရပ်၌ ရိုက်တာသို့ ပြောသည်။

“ဒါကသဘောတူညီမှု မူကြမ်းအဆင့်မှာပဲရှိပါသေးတယ်။”ဟုလည်း ထိုင်းပြည်တွင်းလုံခြုံရေးကွပ်ကဲမှုရုံးမှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရိုက်တာက ဆက်သွယ်မေးမြန်းသော်လည်း အဆိုပါ နယ်စပ်တံတိုင်းကိစ္စရပ် နှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်းမရှိခဲ့ပေ။

# Mizzima


Leave a Reply