ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ် ကွာတားတက်

Djokovic-Reuters

ကျင်းပလျက်ရှိတဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ်က ဗြိတိန်က အက်ဒ်မန့်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်လှမ်းခဲ့ပါတယ်။

ယူအက်စ်အိုးပင်းရဲ့ လက်ရှိချန်ပီယံ ဂျိုကိုဗစ်ဟာ ကမ္ဘာ့အဆင့် ၈၄ ရှိ အက်ဒ်မန့်ကို ၆ – ၂၊ ၆ – ၁၊ ၆ – ၄ နဲ့ ၃ ပွဲပြတ် အနိုင်ယူခဲ့တာပါ။

ဂျိုကိုဗစ်ဟာ ဒုတိယအဆင့်နဲ့ တတိယအဆင့်တွေတုန်းက ပြိုင်ဘက် ကစားသမားတွေ ဒဏ်ရာရခဲ့လို့ အလိုအလျောက် နောက်တဆင့် တက်ခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ သူ့ရဲ့ အကောင်းဆုံးရိုက်ချက်တွေနဲ့ နိုင်ပွဲရခဲ့တာပါ။

တခြားပွဲစဉ်မှာတော့ ကမ္ဘာ့အဆင့် ၄ ရာဖေးလ်နာဒယ်က ကမ္ဘာ့အဆင့် ၂၄ ရှိ ပြင်သစ်က လူးကပ်ပိုလ်လီကို ရှုံးပြီး ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။

ဂျိုကိုဗစ်အနေနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် ၉ ရှိတဲ့ ပြင်သစ်က ဆွန်ဂါနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဆာဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ယူအက်စ်အိုးပင်းချန်ပီယံ ၂ ကြိမ် ရရှိထားသူဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲမှာတော့ ၁၃ ကြိမ်မြောက် ဂရင်းစလင်းချန်ပီယံဆု ရယူနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

(ရိုက်တာ)


Leave a Reply