ဟောင်ကောင်မှာ ဇီကာဗိုင်းရပ်စ် ပထမဆုံးအကြိမ်တွေ့

2016-08-25-233411

ဟောင်ကောင်မှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန် ရှိသူတွေက အတည်ပြုလိုက်ပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိကြောင်းနဲ့ ကူးစက်ပျံ့နှံ့ခြင်း မရှိစေရန် လိုအပ်တဲ့ ကာကွယ်မှုများ ဆောင်ရွက်နေကြောင်း ကြာသပတေးနေ့ (သြဂုတ် ၂၅ ရက်) က သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

အစိုးရဲ့ ဦးစားပေးဆောင်ရွက်မှုမှာ ခြင်ပေါက်ပွားမှု ထိန်းချုပ်ရေးဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူမှာ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ယခင်က ကျန်းမာရေးကောင်းမွန်သူ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဟာ သြဂုတ် ၂၀ ရက်မှ စတင်ပြီး အဆစ်အမြစ် နာကျင်ကိုက်ခဲမှုနဲ့ မျက်လုံးများနီးရဲပြီး ဖျားနာခဲ့ကြောင်း ကျန်းမာရေးဌာနက ပြောပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းထံ သတင်းပေးပို့သွားမယ်လို့လည်း ဟောင်ကောင် တာဝန်ရှိသူတွေက သတင်း ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။ ဇီကာဗိုင်းရပ်စ်ကို ယမန်နှစ်က ဘရာဇီးနိုင်ငံမှာ တွေ့ရှိခဲ့ပြီး အမေရိကတစ်ဝန်း ပျံ့နှံ့ခဲ့ပါတယ်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ microcephaly ခေါ် ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ဘဲ ဦးခေါင်း အရွယ်အစား သေးငယ်နေကြပါတယ်။ ဘရာဇီးမှာ ဇီကာဗိုင်းရပ်စ်နဲ့ ဆက်နွယ်တဲ့ ဦးခေါင်းသေး ကလေးငယ်မွေးဖွားမှု ၁,၈၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

Source & Photo: Reuters


Leave a Reply