ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံမည့်ရက် မသတ်မှတ်နိုင်သေး

13606850_996213890499296_5945818905573724614_n

ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များ တွေ့ဆုံရန် နေ့ရက်ကို အတိအကျ မသတ်မှတ် နိုင်သေးကြောင်း သတင်းရရှိသည်။

ဇူလိုင် ၄  ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးဆပ် ကော်မတီ အစည်းအဝေး အပြီးတွင်‘‘ကျွန်တော်တို့ ဒီနေ့အထိတော့ ချိတ်ဆက်ပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖွဲ့နဲ့ UNFC ခေါင်းဆောင်ပိုင်းတွေနဲ့က ခန့်မှန်းခြေအားဖြင့်တော့ ဒီလ ၁၈ ရက် လောက်မှာ တွေ့ဆုံဖြစ်မယ်ဆိုတဲ့ အနေအထားရှိပါတယ်။ တွေ့ဖို့ကတော့ ရန်ကုန်မှာပဲ ဖြစ်ဖို့များပါတယ်’’ဟု ကော်မတီဝင် ဦးခက်ထိန်နန်က ပြောသည်။

UNFC အထွေထွေအတွင်း ရေးမှူးခူးဦးရယ်က ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်သည့် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဇူလိုင်လလယ်တွင် တွေ့ဆုံရန် အကြမ်းအားဖြင့် သဘောတူထားသော်လည်း အစိုးရဘက်မှတွေ့ဆုံမည့် နေ့ရက်ပြောင်းလဲလိုက်သဖြင့် ပြန်လည်ညှိနှိုင်း ရမည် ဖြစ်ကြောင်း ပြောသည်။

‘‘၁၈ ရက်နေ့ တွေ့မယ်လို့တော့ ကျွန်တော်တို့ဘက်က မပြောသေးပါဘူး။ ပြီးခဲ့တဲ့ ၁ ရက် နေ့ကတော့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့အကြမ်းအားဖြင့်သဘောတူတာက ၁၆ ၊ ၁၇ ရက်မှာ ဖြစ် မလားဆိုပြီးမူအားဖြင့် သဘောတူလက်ခံထား တာရှိပါတယ်။ ၁၈ ရက်နေ့တွေ့မယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ဘက်က ဖြစ်နိုင်ခြေရှိတဲ့ ရက်ကို ကျွန်တော် တို့နားလည်ပါတယ်။ သူ့အနေနဲ့ ၁၆ ရက်၊ ၁၇ ရက်ထက် ၁၈ ရက်နေ့ ပိုအဆင်ပြေတဲ့ သဘောလို့ ပြောတာလို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကပြန် ညှိနှိုင်းရဦးမှာပါ။ သဘောမတူ လိုက်သေးပါဘူ။ တွေ့မယ်၊ မတွေ့ဘူးဆိုတာကို ဘာလို့လဲဆိုတော့ ဒါကနောက်ပိုင်းမှာ သူတို့အကြောင်း ပြန်လာတဲ့ ကိစ္စမို့ပါ’’ ဟု ခူးဦးရယ်က ဆိုသည်။

ယင်းကိစ္စကို ဒေါက်တာတင်မျိုးဝင်းထံသို့ ဇူလိုင် ၄ ရက်က ဖုန်းဖြင့် အကြောင်းကြားထားကြောင်း ၎င်းက ဆက်လက် ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် ခေါင်းဆောင် များသည် ဇွန်လ ၂၈ ရက်ကပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။


Leave a Reply