ကမ္ဘာတစ်ဝန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုအရှိဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်

လာမည့်သုံးနှစ်အတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုအရှိဆုံး (၁၅) နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံပါဝင်လာကြောင်း ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ UNCTAD အစီရင်ခံစာအရ သိရသည်။

13501630_1192544737443189_6486886988873756703_n

ကမ္ဘာ့စီးပွားရေးကော်ပိုရေးရှင်းကြီးများ အပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းများ ဝင်ရောက် ရင်းနှီး မြှုပ်နှံလိုသည့် ၁၅ နိုင်ငံစာရင်းတွင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ ဘရာဇီး၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်၊ ပြင်သစ်၊ သြစတြေးလျ၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့ ဖြစ်သည်။

ထို့ပြင် အမေရိကန်၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လိုမှု အများဆုံး နိုင်ငံများစာရင်းတွင် ၂ဝ၁၈ ခုနှစ်အထိ ဦးဆောင်နေမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်က ပါဝင်ခဲ့သော ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံ တို့နေရာတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့ ဝင်ရောက်လာ ခြင်းဖြစ်ကြောင်း UNCTAD ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

၂ဝ၁၆ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၇၁၈ ဘီလီယံဝင်ရောက်ရန် ခွင့်ပြုထားပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ဝင်ရောက်ရန် မြန်မာအစိုးရက မျှော်မှန်းထားသည်။

UNCTAD က ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မည် ဟု ခန့်မှန်းထားပြီး ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို ၂ဝ၁၆ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ၊ ၂ဝ၁၇ ခုနှစ်တွင် ၁ ဒသမ ၇ ထရီလီယံ၊ ၂ဝ၁၈ ခုနှစ် တွင် ၁ ဒသမ ၈ ထရီလီယံ ဝင်ရောက်မည်ဟု မျှော်မှန်းထားသည်။

မြန်မာနိုင်ငံမှ ရေးဆွဲထားသော အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု နှစ် ၂ဝ စီမံကိန်းတွင် ၂ဝ၃ဝ ပြည့် နှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၄ဝ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အထိ ပျမ်းမျှတစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆ ဘီလီယံမှ ၈ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ခန့်မှန်းထားသည်။

အဆိုပါစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ တိုးတက်မှုနှုန်း လျင်မြန်စွာဝင်ရောက် လာရန် မဟာဗျူဟာများ ရေးဆွဲထားပြီး ၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ပျမ်းမျှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဝင်ရောက်မှုနှုန်းကို အမေရိကန် ဒေါ်လာ ၆ ဘီလီယံ၊ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ် အထိ ပျမ်းမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နှုန်းကို အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ ရှိရန် ခန့်မှန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

Themyawadydaily


Leave a Reply