ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအား လူဦးရေအကန့်အသတ်မရှိ လက်ခံမည်ဟုဆို

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ဖြေဆိုရန်လျှောက်လွှာတင်ခြင်းကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပြီး ယခုနှစ်တွင် လူဦးရေအကန့်အသတ်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ထံမှ သိရသည်။

အဆိုပါစာမေးပွဲကို ရန်ကုန်နှင့်မန္တလေးမြို့များ၌ ဇူလိုင် ၂ ရက်တွင်ကျင်းပသွားမည်ဖြစ်ပြီး စားမေးပွဲ လျှောက်လွှာ တင်ခြင်းအား လာမည့်ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ Level အလိုက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

လျှောက်လွှာလက်ခံမည့်ကာလမှာ ဖေဖော်ဝါရီ ၂၁ ရက်မှမတ်လ ၃ ရက်အထိဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၆ နာရီ အတွင်းဝင်ရောက်လျှောက်ထားနိုင်ကြောင်း၊ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေးမှာ Level အလိုက် ၄၀၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ပြန်ဖွင့်မယ်ကြားတော့ ဝမ်းသာပါတယ်။ အစကပိတ်ထားတယ်ကြားတာ အရင်နှစ်တွေကဆို လူတွေများတယ်။ ဝင်ဖြေခွင့်ရတဲ့သူက နည်းတယ်။ ခုကလူဦးရေအကန့်အသတ်မရှိ လျှောက်လွှာတင်လို့ရတယ်ဆိုတော့ ပိုကောင်းပါတယ်” ဟု ဂျပန်သွားရန်စောင့်ဆိုင်းနေသူတစ်ဦးကပြောသည်။

လက်ရှိတွင် ဂျပန်အရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် လျှောက်ထားရမည့်အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA) ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာ ထားသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့်သူများ ရန်ကုန်ပညာရေးတက္ကသိုလ်၌ လျှောက်လွှာဝယ်ယူခွင့်ရရန် လူစုလူ‌‌ဝေးအဖြစ်ရောက်ရှိခဲ့သည့် အတွက် လျှောက်လွှာရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း MAJA က ထုတ်ပြန်ခဲ့ကြောင်း သတင်း မှတ်တမ်းများအရသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းမှစတင်ကာ အလုပ်အကိုင်အခွင့်အလမ်းများရှားပါး လာနေသည့် အတွက် အသက် (၂၀) ကျော်အရွယ်လူငယ်များမှာ အိမ်နီးချင်း ထိုင်း၊ မလေး၊ စင်ကာပူနိုင်ငံများအပြင် ဂျပန်၊ ကိုရီးယား၊ ဒူဘိုင်း စသည့်နိုင်ငံများသို့ ထွက်ခွာမှုများရှိနေသည်။

 source:sdtimedaily