ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သံတမန်အဖွဲ့ လာရောက်ရန် မြန်မာသဘောတူ

ဓာတ်ပုံ-UN

 4 April 2018

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့လာရောက်ဖို့  မြန်မာအစိုးရက သဘောတူ ခွင့်ပြုလိုက်တယ်လို့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဂတ်စ်တာဗို မီဇာကွာဒရာက ပြောကြားလိုက်ပါတယ်။

လက်ရှိ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပီရူးနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး မစ္စတာ မီဇာကွာဒရာက ဧပြီ ၂ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းစာ ရှင်းလင်းပြောသွားတာပါ။

လုံခြုံရေးကောင်စီ မြန်မာနိုင်ငံနဲ့ အီရတ်နိုင်ငံတို့ကိုသွားရောက်ဖို့ သက်ဆိုင်ရာ အစိုးရတွေက အတည်ပြုထားပြီ ဖြစ်တယ်၊ ခရီးစဉ်အတွက် လုပ်စရာရှိတာတွေကို ဆောင်ရွက်နေဆဲဖြစ်တယ်၊ မြန်မာနဲ့ အီရတ်နိုင်ငံကို သွားရောက်ရတာဟာ ဒီနိုင်ငံတွေမှာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို အာရုံစိုက်လုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို့ မစ္စတာ မာဇာကွာဒရာက ပြောပါတယ်။

ဒါပေမယ့် ခရီးစဉ်ရဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ အတည်မပြုရသေးတဲ့ အကြောင်းနဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့အတွက်လည်း ခွင့်ပြုမယ်မပြုဘူးဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်းဆိုပါတယ်။

ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ စိတ်ဝင်စားတဲ့အကြောင်းနဲ့ မြေပြင်မှာ အမှန်တကယ် ဘယ်လိုဖြစ်နေတယ် ဆိုတာကို ကိုယ်တိုင်သွားကြည့်တာထက် ဘယ်အရာကမှ ပိုမကောင်းဘူးလို့လည်း လုံခြုံရေးကောင်စီဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ကုလလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသွားရောက်ဖို့ အဆိုပြုခဲ့ဖူးပေမယ့် မြန်မာအစိုးရဘက် အချိန်မတန်သေးလို့ ဆိုပြီး ခွင့်မပြုခဲ့ပါဘူး။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုသွားရောက်နိုင်ဖို့ကိစ္စ မြန်မာအစိုးရနဲ့ အခုမှ ကနဦး အစပြုညှိနှိုင်းတဲ့ အဆင့်မှာပဲရှိသေးတယ်။ ညှိနှိုင်းမှုတွေ အဆင်ပြေတယ်ဆိုရင် ခရီးစဉ်က ဧပြီလကုန်လောက်မှ အစောဆုံးဖြစ်နိုင်မယ်လို့  VOA သတင်းဌာနကို ပြောကြားထားပါတယ်။