လက်နက်ထိန်းချုပ်ရေး ဥပဒေ ပြဌာန်းနိုင်ရေး တောင်းဆို၍ အမေရိကန် အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် အမတ်များ ထိုင် ဆန္ဒပြ

US-House-Democrats-stage-sit

အမေရိကန် နိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျင်း၍ ရီပတ်ပလစ်ကန်တို့ ဦးဆောင်ထားသော ကွန်ဂရက် လွှတ်တော်ထဲတွင် ဆွေးနွေးဆုံးဖြတ်နိုင်ရေး တောင်းဆိုကာ ဇွန်လ ၂၂ ရက်က အောက်လွှတ်တော်တွင် ဒီမိုကရက်တစ်အမတ်များက ထိုင်ပြီး ဆန္ဒပြခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားထားခဲ့သည့် အော်လန်ဒို ဂေးနိုက်ကလပ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း နိုင်ငံတွင်လက်နက်ထိန်းချုပ်ရေး ဥပဒေတစ်ရပ် ပေါ်ထွက်လာရေး လွှတ်တော်က မဲပေးဆုံးဖြတ်ပေးနိုင်ရန်အလို့ငှာ ဒီမိုကရက်တစ်များဘက်က တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။

” လက်နက်ထိန်းချုပ်ရေး ကိစ္စကို မဲပေးဆုံးဖြတ်ဖို့အထိ ဖြစ်မလာသရွေ့ ကျွန်တော်တို့ ဒီလွှတ်တော်ထဲက ကြမ်းပြင်မှာပဲ ထိုင်နေရပါလိမ့်မယ်” ဟု ဒီမိုကရက်တစ် အမတ်များကို ဦးဆောင်ခဲ့သည့် လွှတ်တော်အမတ် ဂျွန် လူးဝစ်က ပြောသည်။

ယင်းနိုင်ငံတွင် လွှတ်တော်အမတ်များ၊ အထူးသဖြင့် ဒီမိုကရက်တစ် အမတ်အများစုက လက်နက်ကိုင် အကြမ်းဖက်များကို လျှော့ချနိုင်ရေး ရည်ရွယ်သည့် ဥပဒေကြမ်းများ၊ အကြမ်းဖက်မှု နောက်ကြောင်း ရာဇ၀င် စစ်ဆေးရေးနှင့် ပတ်သက်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ တင်သွင်းထားခဲ့မှုများ ရှိခဲ့သော်လည်း မည်သည့် ဥပဒေကြမ်းကိုမှ အတည်ပြု ပြဌာန်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ယခုကဲ့သို့ ဒီမိုကရက်တစ်အမတ်များ၏ တောင်းဆိုမှုလုပ်ရပ်အပေါ် သမ္မတအိုဘားမားက ချီးကျူးပြောဆို ပေးသွားခဲ့သည်။

အထက်ပါကဲ့သို့ ဒီမိုကရက်တစ်အမတ်များ အောက်လွှတ်တော်ထဲတွင် ထိုင်ပြီး ဆန္ဒပြတောင်းဆိုနေချိန်တွင် မီးများကို အရောင်မှိန်ထားပြီး မိုက်ခရိုဖုန်းများကိုလည်း ပိတ်ထားခဲ့သည် ကိုလည်း တွေ့ခဲ့ရသည်။

ထိုကဲ့သို့ ဒီမိုကရက်တစ်အမတ်များ တောင်းဆိုနေခဲ့သော်လည်း လက်နက်ထိန်းချုပ်ရေး ဥပဒေကြမ်းတစ်ရပ် မဲခွဲဆုံးဖြတ်နိုင်ရေး အစီအစဉ်ရေးဆွဲပေးသွားမည် မဟုတ်ကြောင်း အောက်လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယန်က ငြင်းဆန်ပြောဆိုသွားသည်။

-Ref; CNA


Leave a Reply