ရုရှားအပေါ် မှီခိုရနည်းအောင် ဓာတ်ငွေ့ ၁၅% EU လျှော့သုံးမည်

ဥရောပမှာ ရုရှားရဲ့ ဓာတ်ငွေ့ အပေါ် မှီခိုရမှုကို လျှော့ချနိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို ၁၅ ရာခိုင်နှုန်း လျှော့ချရေး အစီအစဉ်ကို ဥရောပသမဂ္ဂ စွမ်းအင် ဝန်ကြီးတွေ အင်္ဂါနေ့မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သြဂုတ်လကနေ မတ်လ အတွင်း ဆန္ဒအလျောက် လျှော့ချရေး သဘောတူညီချက် ဖြစ်ပြီး လာမယ့် ဆောင်တွင်းလတွေ အကြိုမှာ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဓာတ်ငွေ့ သိုလှောင်ရေးကိုလည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အတွင်း ဥရောပရဲ့ ဓာတ်ငွေ့ အသုံးပြုမှုကို ကိုယ့်ရဲ့ သဘောဆန္ဒအလျောက် လျှော့ချရေး ဝန်ကြီးတွေ သဘောတူခဲ့ကြကြောင်း၊ အရင် ၅ နှစ်တာရဲ့ ကာလတူအတွင်း ပျမ်းမျှအသုံးပြုမှုနဲ့ နှိုင်းယှဉ်ရင် အနည်းဆုံး ၁၅ ရာခိုင်နှုန်း လျှော့ချရေး ဖြစ်ကြောင်း ချက်သမ္မတ နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ စက်မှုဆိုင်ရာ ဝန်ကြီး Jozef Sikela က ပြောဆိုခဲ့တာပါ။

အရေးပေါ် အခြေအနေမှာတော့ EU အနေနဲ့ မဖြစ်မနေ လျှော့ချ ဖြတ်တောက်မှု လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့လည်း သဘောတူညီချက် ရရှိရေး အလျှော့အတင်း လုပ်တဲ့ အနေနဲ့ ကင်းလွတ်ခွင့် တချို့တော့ ရှိပါတယ်။ ယူကရိန်း အပေါ် ကျူးကျော်စစ်ကြောင့် ရုရှားကို EU က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တာကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှားက ဥရောပကို ဓာတ်ငွေ့ ပေးပို့မှုကို လျှော့ချ ဖြတ်တောက်လာနိုင်တဲ့ အလားအလာတွေ ရှိနေချိန်မှာဘဲ EU ရဲ့ သဘောတူညီချက် ထွက်ပေါ်လာတာပါ။

ဗုဒ္ဓဟူးနေ့က စပြီး ဥရောပကို ဓာတ်ငွေ့ ပေးလွှတ်မှုကို ထပ်ပြီး လျှော့ချမယ့် အကြောင်း ရုရှားရဲ့ Gazprom လုပ်ငန်းကြီးက ပြောဆိုထားတာပါ။ Nord Stream ပိုက်လိုင်း ပြုပြင်မှုကြောင့် ဓာတ်ငွေ့ လျှော့ချတာ ဖြစ်ကြောင့် Gazprom က ပြောပေမဲ့လို့လည်း EU တာဝန်ရှိသူတွေကတော့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

-Ref:VOA