လျှပ်စစ်ကား ထုတ်လုပ်ရန်တိုယိုတာက အင်ဒိုနီးရှားတွင် ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြုပ်နှံမည်

ဂျပန် မော်တော်ကားထုတ်လုပ်ရေး ကော်ပိုရေးရှင်း တိုယိုတာက လျှပ်စစ်ကားများ ထုတ်လုပ်ရန်အတွက် လာမည့်ငါးနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ၂၁ ဒသမ ၁ ထရီလီယံ ရူပီရာ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အင်ဒိုနီးရှား စီးပွားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်ရာတွင် အရေးပါသော နီကယ်သတ္တုရိုင်းများ ပေါကြွယ်သည့်အတွက် လျှပ်စစ်ကား ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းတွင် ကမ္ဘာ့ အချက်အချာ နေရာတစ်ခုဖြစ်လာရန် ရည်မှန်းထားသည်။

အခြားကမ္ဘာ့ကုမ္ပဏီကြီးများဖြစ်သော တောင်ကိုရီးယား၏ ဟွန်ဒိုင်း မော်တော်အုပ်စုနှင့် LG အုပ်စု၏ ဌာနတစ်ခုဖြစ်သည့် LG အင်နာဂျီဆလူးရှင်းတို့သည် အင်ဒိုနီးရှား၏ နီကယ်ထုတ်လုပ်ရေး နယ်ပယ်တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကြေငြာထားပြီးဖြစ်သည်။

အင်ဒိုနီးရှားစီးပွားရေးဝန်ကြီး အဲလန်ဂါဟာတာတိုက တိုယိုတာသည် ၂ဝ၁၉ ခုနှစ်မှစ၍ နိုင်ငံအတွင်း ရူပီယာ ၁၄ ထရီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူဦးရေ သန်း ၂၇၀ ရှိသော အင်ဒိုနီးရှားသည် လောင်စာဆီသုံး မော်တော်ယာဉ်များကို အစားထိုးရန်အတွက် ၂၀၅၀ ခုနှစ်မှစ၍ လျှပ်စစ်ကားများနှင့် လျှပ်စစ် မော်တော်ဆိုင်ကယ်များသာ ရောင်းချရန် ရည်မှန်းထားကြောင်း ဝန်ကြီးတစ်ဦးကပြောကြားခဲ့သည်။

တိုယိုတာသည် နောက်လေးနှစ်အတွင်း ၎င်း၏ စက်ရုံများတွင် လောင်စာဆီသုံး အင်ဂျင်နှင့် ဘတ်ထရီနှစ်မျိုးစလုံး ပါဝင်မည့် ဟိုက်ဘရစ် လျှပ်စစ်ကား အမျိုးအစား အမျိုးမျိုးကို ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“အခုလိုထပ်ပြီး‌ေတာ့ရင်းနှီးမြှုပ်နှံတာက အင်ဒိုနီးရှားအစိုးရကို ကျွန်တော်တို့က လျှပ်စစ်ကား‌‌ တွေအတွက် ရင်းနှီးမြှုပ်နှံရာမှာ ဘယ်လောက်ထိ အလေးထားလဲဆိုတာ နားလည်ဖို့ မျှော်လင့်ပါတယ်” ဟု တိုယိုတာဒုဥက္ကဌ ဟာရာဝါကာက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

အစည်းအဝေးအတွင်း ဆွေးနွေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု အသေးစိတ်ကို ပြောကြားရန်မူတိုယိုတာကငြင်းဆိုခဲ့သည်။

Source:CNA