နိုက်ဂျီးရီးယားတွင် ဘိုကိုဟာရမ်တို့လက်မှ တိမ်းရှောင်လာသူ အများအပြား ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံး

ehserhergerge

နိုက်ဂျီးရီးယားတွင် ဘိုကိုဟာရမ် စစ်သွေးကြွများလက်မှ ထွက်ပြေးလာသူ အမြောက်အမြား အစာရေစာ ငတ်ပြတ်ပြီး အသက်ဆုံးရှုံးနေကြောင်း သိရသည်။

ကျန်းမာရေး ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုဖြစ်သည့် MSFက ဘိုကိုဟာရမ် လက်အောက်မှ တိမ်းရှောင်လာသူ ၂၀၀ ခန့်သည် ပြီးခဲ့သည့် တစ်လတည်းတွင်ပင် ဘာမာမြို့၌ သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။ “အရမ်းဆိုးရွားတဲ့ ကပ်ဘေးတစ်ခုလို ဖြစ်နေပြီး အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်”ဟု ဘာမာရှိ စစ်ဘေးရှောင် ဒုက္ခသည်များထံ သွားရောက်ခဲ့သည့် MSF တာဝန်ရှိသူများက ဆိုသည်။

ဘိုကိုဟာရမ်တို့ကြောင့် ဘာမာတွင် တိမ်းရှောင်လာသူ အမြောက်အမြား ရှိနေသော်လည်း ၎င်းတို့အတွက် လုံလောက်သည့် ကူညီထောက်ပံ့မှုမျိုး မရဘဲ ဖြစ်နေသည်။ MSF၏ အဆိုအရ စစ်ဘေးရှောင် ကလေးငယ် ငါးဦးတိုင်းတွင် တစ်ဦးသည် ဆိုးဆိုးရွားရွား အာဟာရ ချို့တဲ့နေကြောင်းလည်း သိရသည်။

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွအုပ်စု ဘိုကိုဟာရမ်တို့သည် နိုက်ဂျီးရီးယား အစိုးရကို စတင်ပုန်ကန်သည့် ၇ နှစ် အတွင်း လူပေါင်း ၂၀၀၀၀ ကျော် အသက်ဆုံးရှုံးစေခဲ့သလို လူပေါင်း ၂ သန်းမျှ ၎င်းတို့ရန်ကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

နိုက်ဂျီးရီးယား စစ်တပ်သည် ဘိုကိုဟာရမ်တို့ကို ကြီးမားသည့် စစ်ဆင်ရေးများ ဆင်နွှဲ ဖြိုခွင်းနေသော်လည်း နိုင်ငံအရှေ့မြောက်ပိုင်း ဒေသများတွင် ဘိုကိုဟာရမ်တို့က ကျေးရွာများကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ကာ လူသတ်ခြင်း၊ လုယက်ခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။

ဘာမာသို့ တိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည်များ အတွက်မူ နေ့စဉ်နေ့တိုင်း သင်္ချိုင်းမြေပုံများ တိုးလာသည့် အခြေအနေသည် အဆန်းမဟုတ်တော့ဟု MSF၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ MSF၏ မေးမြန်းစုံစမ်းမှုအရ အဆိုပါ ရွှေ့ပြောင်းလာသူများအနက် လူပေါင်း ၃၀ မျှသည် ဖျားနာခြင်း၊ ငတ်မွတ်ခြင်းတို့ကြောင့် နေ့စဉ် အသက်ဆုံးရှုံးနေကြောင်းလည်း သိရသည်။

ဘာမာသည် ဘိုကိုဟာရမ်တို့ လက်လှမ်းမီသည့် ဒေသတစ်ခုအဖြစ် ရှိနေရာ MSF တာဝန်ရှိသူများ အနေဖြင့် နိုက်ဂျီးရီးယား စစ်ယာဉ်တန်း အစောင့်အရှောက်ဖြင့် မြို့ထဲ ဝင်ရောက်ခဲ့ရခြင်း ဖြစ်သည်။ “ဒါဟာ MSFက ပထမဆုံးအကြိမ် ဘာမာနဲ့ အဆက်အသွယ် ရတာပါ။ အဲဒီအချိန်မှာ သိလာတာက လူတွေအတွက် အကူအညီ လိုအပ်မှုက အဆိုးဆုံး အဆင့်ထက်ကို ကျော်လွန်နေပြီ ဆိုတာပါပဲ”ဟု MSF၏ နိုက်ဂျီးရီးယားမစ်ရှင် အကြီးအကဲ ဂါဒါးဟာတင်မ်က ဆိုသည်။

၎င်းက “ကျွန်တော်တို့ အရင်ဆုံး လုပ်ရတာက မိုင်ဒူဂူရီကနေ သယ်သွားတဲ့ ဆေးဝါးပစ္စည်းတွေကို အသုံးပြုပြီး အာဟာရ ချို့တဲ့နေတဲ့ ကလေးတွေကို ကူညီကုသပေးတာပါပဲ။ လူနာတိုင်းရဲ့ မျက်နှာမှာ တုန်လှုပ်မှု အရိပ်အယောင်တွေ မြင်နေရတယ်။ သူတို့ဟာ အင်မတန် ဆိုးရွားတဲ့ အတွေ့အကြုံတွေကို မျက်မြင်ကြုံတွေ့ပြီး ရှင်သန်ခဲ့ရရှာတာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

-Ref: BBC


Leave a Reply