ရော်နယ်ဒို ပင်နယ်တီလွဲချော်မှုနှင့်အတူ အုပ်စု(F)အသင်းများ သရေကျ

Portugal's forward Cristiano Ronaldo reacts after he missed to score a penalty during the Euro 2016 group F football match between Portugal and Austria at the Parc des Princes in Paris on June 18, 2016. / AFP PHOTO / MIGUEL MEDINA

ယမန်နေ့က ကစားခဲ့သော ယူရိုပြိုင်ပွဲတွင် စူပါစတား ရော်နယ်ဒို ပင်နယ်တီလွဲချော်မှုနှင့်အတူ ပေါ်တူဂီက သြစတြီးယားကို ဂိုးမရှိသရေကျခဲ့ပြီး အိုက်စလန်ကလည်း ဟန်ဂေရီနှင့် တစ်ဂိုးစီသရေကျကာ နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် ဆက် လက်ရှင်သန်ခဲ့သည်။

ရော်နယ်ဒိုသည် သြစတြီးယားနှင့် ကစားသောပွဲ၌ ၇၉ မိနစ်တွင် ရရှိသောပင်နယ်တီကို ကန်သွင်းရာ ဂိုးမ၀င်ခဲ့ပေ။ မိနစ်အနည်းငယ်အကြာတွင် ခေါင်းတိုက် ဂိုးသွင်းခဲ့သော်လည်း လူကျွံဘော သတ်မှတ်ခံခဲ့ရသည်။

ဖီဂိုအား ကျော်ဖြတ်၍ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်ပွဲပေါင်း ၁၂၈ ပွဲကစား၍ စံချိန်သစ် တင်ခဲ့သော ရော်နယ်ဒို အတွက် ကံမကောင်းသော နေ့တစ်နေ့ဖြစ်ခဲ့ပြီး နှစ်ပွဲကစားနှစ်မှတ်သာ ရရှိထားသော ပေါ်တူဂီမှာ နောက်ဆုံးပွဲတွင် နိုင်ပွဲ မရလျှင် အုပ်စုမှ ပြုတ်နိုင်သော အန္တရာယ်ရှိသည်။

‘‘ကျွန်တော်တို့ စိတ်ဆင်းရဲ နေလို့ မရပါဘူး။ ဇွန်လ ၂၂ ရက်မှာ ကျွန်တော်တို့အတွက် ဗိုလ်လုပွဲ တစ်ပွဲရှိပါတယ်။ ဒီယူရိုပြိုင်ပွဲမှာ ကျွန်တော်တို့အတွက် ပထမဆုံး ဗိုလ်လုပွဲပါ’’ဟု ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ဟန်ဂေရီနှင့်ပွဲကို ရည်ညွှန်း၍ ပြောကြားသည်။

အိုက်စလန်နှင့် ဟန်ဂေရီတို့ ပွဲစဉ်တွင် အိုက်စလန်က ၈၈ မိနစ်အထိ ၁-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး ဘာကာဆီ ဗာဆန်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ ဟန်ဂေရီ တစ်မှတ်စရခဲ့သည်။ ယင်းအတွက် ပထမပွဲတွင် မထင်မှတ်ဘဲ သြစတြီးယားကို အနိုင်ရရှိခဲ့သော ဟန်ဂေရီက ရမှတ်လေးမှတ်ဖြင့် အုပ်စုကို ဦးဆောင်နေသည်။

အိုက်စလန်က ရမှတ်နှစ် မှတ်ဖြင့် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေသည်။ အိုက်စလန် သည် ရမှတ်တစ်မှတ်ရ သြစတြီးယားနှင့် အုပ်စုနောက်ဆုံးပွဲ ကစားရမည်ဖြစ်ကာ ယင်းပွဲအနိုင်ရပါက နောက်တစ်ဆင့်တက်ရန် သေချာမည်ဖြစ်သည်။

—Ref: AP


Leave a Reply