ဘဏ်အချင်းချင်း ရောင်းဝယ်သည့် နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ချက်ဘောင် ပြင်ဆင်ရေး ဗဟိုဘဏ် ဆုံးဖြတ်မည်

ပုဂ္ဂလိကဘဏ် အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်သည့် ဈေးကွက် (Interbank Market) အတွင်းရှိ ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်းဘောင် ပြင်ဆင်ရေးကို နှစ်ပတ်အတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြားငွေ လဲလှယ်နှုန်း (နေ့စဉ်သတ်မှတ်နှုန်း) မှာ ပြင်ပဈေးကွက်နှင့် တူညီနေပါက ပုဂ္ဂလိကဘဏ်များအနေနှင့် နိုင်ငံခြားငွေရောင်းဝယ်ရာတွင် အခက်အခဲမရှိသော်လည်း ပြင်ပဈေးကွက်နှင့် ကွာဟချိန်တွင် သတ်မှတ်သည့် ဘောင်အတွင်းမှကျော်ပြီး လုပ်ကိုင်ရသည့် အခြေ အနေများရှိသည်ဟု ပြည်တွင်းဘဏ်များက ဗဟိုဘဏ်နှင့် တစ်လတစ်ကြိမ် ပြုလုပ်သည့် အစည်း အဝေးတွင် တင်ပြခဲ့သဖြင့် ယင်းတောင်းဆိုမှုကို ဖြေရှင်းပေးရန် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

“ဗဟိုဘဏ်အနေနဲ့ ဘောင်သတ်မှတ်တာတောင် စည်းကမ်းမလိုက်နာမှုတွေ မတည်ငြိမ်မှုတွေ ရှိနေ တော့ ဖြစ်လာမယ့်အကျိုးဆက်ကိုကြည့်ပြီး ဆက်ထားဖို့မထားဖို့ ဆွေးနွေးနေတယ်” ဟု ၎င်းက ဆိုသည်။

ဘဏ်များက ဈေးကွက်တွင် ရောင်းဝယ်သည့် ဈေးနှုန်းကို ဗဟိုဘဏ်က ယခုသတ်မှတ်ထားသည့် အတိုးအလျှော့ သုညဒသမ ၈ ရာခိုင်နှုန်း ဘောင်ထက် ထပ်ချဲ့ပေးရန် သို့မဟုတ် သတ်မှတ်ဘောင် မထားဘဲ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းရှိ ဒေါ်လာဈေးကွက် အခြေအနေအရ ဘောင်ချဲ့ပေးမှသာ ဘဏ်များအနေနှင့် ရောင်း ဝယ်ရာတွင် လုပ်သာကိုင်သာ အခြေအနေရှိမည်ဖြစ်ကြောင်း၊ သို့သော် ဘောင်ဆက်မထားဘဲ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးလျှင်လည်း ဈေးကွက်အတွင်း ထိန်းမရသည့် အခြေအနေများ ဖြစ်ပေါ် လာနိုင်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ထောက်ပြပြောဆိုသည်။

The Voice Weekly


Leave a Reply