ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ‘၀’၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များ ရက်ပိုင်းအတွင်း တွေ့မည်

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ‘၀’၊ မိုင်းလားအဖွဲ့ခေါင်းဆောင်များ လာမည့် ရက်ပိုင်းအတွင်း ကျိုင်းတုံ (သို့မဟုတ်) မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု) ပင်လုံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဇွန်လ (၁၇) ရက်၌ စတင်ထွက်ခွာရန် ပြင်ဆင်နေကြောင်း ကိုယ်စားလှယ်များက ပြောသည်။

‘‘၁၇ ရက်လောက်ကို သွားနိုင်ဖို့ပြင်ဆင်နေတာပါ။ တွေ့မယ့်နေရာကတော့ ကျိုင်းတုံတွေ့နိုင်မလား၊ မိုင်းလား တွေ့နိုင်မလားဆိုတဲ့ အနေအထားကတော့ရှိပါ သေးတယ်’’ ဟု ဆပ်ကော်မတီ (၂)အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောကြားသည်။

၂၁ ရာစုပင်လုံညီလာခံနှင့် နိုင်ငံရေးမူဘောင်များ ပြန်လည်သုံးသပ်ရာတွင် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် (NCA) မရေးထိုးရသေးသည့် အဖွဲ့များပါဝင်နိုင်ရန် အစိုးရဘက်က တွေ့ဆုံ ဆွေးနွေးမှု များပြုလုပ်နေခြင်းဖြစ်သည်။

ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မကြာသေးမီက ချင်းမိုင်မြို့တွင် NCA မရေးထိုးရ သေးသည့် အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

7 Day Daily


Leave a Reply