၂၁ ရာစုပင်လုံညီလာခံကို မေလ ၂၄ ရက်တွင် ကျင်းပပြီး အားလုံးလက်ခံသည့် နိုင်ငံရေးရလဒ် ထုတ်ပြန်ရန် ဆုံးဖြတ်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို မေလ ၂၄ ရက်ကစ၍ ငါးရက်ကြာ ကျင်းပပြီး အားလုံးလက်ခံသည့် နိုင်ငံရေးရလဒ်ထုတ်ပြန်ရန် ဧပြီ ၂၄ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) က ဆုံးဖြတ်ခဲ့သည်။

မူလက ၂၁ ရာစုပင်လုံညီလာခံကို မေလ ၁၉ ရက်တွင် ကျင်းပရန် နှစ်ဖက်သဘောတူထားသော်လည်း ညီလာခံသို့တက်ရောက်မည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ အားလပ်မှု အပေါ် မူတည်ပြီး ယခု မေလ ၂၄ ရက်ကို စတင်ရန် ဆုံး ဖြတ်ခဲ့သည်။

JICM အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး ၀င်းအပါအ၀င် အစိုးရခေါင်းဆောင်များ၊ NCA လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့မှ ခေါင်းဆောင် ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။

အစည်းအဝေးတွင် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးကျင်းပရန် နေ့ရက်သတ်မှတ်ခြင်း နှင့် ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးတွင် အားလုံးလက်ခံနိုင်သော အခြေခံမူဝါဒဖော်ထုတ်နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးသော အဖွဲ့များဆိုင်ရာကိစ္စ၊ ကြား ကာလစီမံမှု အစီအစဉ်ဆိုင်ရာကိစ္စ၊ အပစ်ရပ်နယ်မြေ၊ အပစ်ရပ်ဒေသ သတ်မှတ်ရေးကိစ္စ၊ တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (JCB) သို့ တင်ပြ၍ ညှိနှိုင်းဆောင်ရွက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုပါဝင်လာ ရေးကိစ္စတို့ကို ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များအကြား အမြင်မတူမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။  နိုင်ငံပြန်လည်ထူထောင်ရေးတွင် အမြင်မတူသည်များကို ညှိနှိုင်းမည့် တရားဝင် စင်မြင့် ရှိရန် လိုအပ်ပြီး JICM တွင် အဖြေရှာရန်လိုကြောင်း၊ အမြင်သဘောထားများကို အသေကိုင်မထားဘဲ ဘုံသဘောထားများ ရှာကြံကြရန်လိုကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြား ခဲ့သည်။ # 7 Day