ယခင်သမ္မတဦးသိန်းစိန် လက်ထက်တွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး ညွှန်းကိန်းတိုးတက်လာ

စီးပွားရေးနှင့်ငြိမ်းချမ်းရေး အဖွဲ့အစည်း(The Institute for Economic and Peace) ထုတ်ပြန် ကြေညာချက် အရ ၂ဝ၁၆ ခုနှစ် အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်း ကိန်း(2016 Global Peace Index) တွင် မြန်မာနိုင်ငံက အဆင့် ၁၁၅ ဖြင့် ရပ်တည်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သည် လက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်း ရေးရရှိရန် ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းရင်းသားလက်နက်ကိုင် ၁၄ဖွဲ့အကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များကို နှစ်နှစ်အတွင်းချုပ်ဆိုနိုင်ခဲ့သည်။ ထို့အပြင် ကချင်ပြည်နယ် အတွင်းက လက်နက်ကိုင်ပဋိပက္ခများကိုလည်းလျှော့ချနိုင်သည့်သဘောတူညီချက်များကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

စီးပွားရေးနှင့်ငြိမ်းချမ်းရေးအဖွဲ့အစည်း(The Institute for Economic and Peace) ထုတ်ပြန်ကြေညာ ချက်အရ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၃ခုနှစ်တွင်အဆင့် ၁၄ဝ၊ ၂ဝ၁၄ခုနှစ်တွင် အဆင့် ၁၃၆၊ ၂ဝ၁၅ ခုနှစ်တွင် အဆင့် ၁၃ဝ ရရှိခဲ့ပြီး နှစ်စဉ်ငြိမ်းချမ်းရေးညွှန်းကိန်းများ တိုးတက်လာခြင်းဖြစ်သည်။

Global Peace Index အနေဖြင့် ငြိမ်းချမ်းရေးကိုတိုင်းတာရာ၌ တိုက်ပွဲများ၊စစ်ပွဲများရှိမရှိ တစ်ခုတည်း ကိုကြည့်ပြီး သတ်မှတ်ခြင်းမျိုး မဟုတ်ဘဲ အကြမ်းဖက်မှုရှိမရှိ၊ လုံခြုံရေးအခြေအနေ၊ ဘေးကင်းမှု အခြေအနေ၊ လူသတ်မှုအရေအတွက်၊ နိုင်ငံရေးအကြမ်းဖက်မှု အခြေအနေ၊ တပ်မတော်မှထိန်းချုပ်စွက်ဖက်မှုပမာဏ၊ ဂျီဒီပီအရေ အတွက်၊ ပြည်တွင်းခြိမ်းခြောက်ခံရမှုနှင့် ပြည်ပခြိမ်းခြောက်ခံရမှု အခြေအနေများကို တိုင်းတာသည့်အချက်အလက်များပေါ်တွင် မူတည်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
”မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပြန်ကြည့်ရင် ၂ဝ၁၁မှာ မြန်မာ့ တပ်မတော်ဟာ ကေအိုင်အေနှင့် လက်နက်ကိုင်အချို့ တိုက်ပွဲတွေစဖြစ် ခဲ့တယ်။ ၂ဝ၁၂ခုနှစ်ကုန်မှာပြင်းထန်လာတယ်။ ၂ဝ၁၃ မေလလောက် ကစပြီး တိုက်ပွဲတွေထိုးကျသွားတယ်။ ထိုးကျသွားပြီးတော့ ၂ဝ၁၃ ခုနှစ်ကုန်လောက်ကနေစပြီး ၂ဝ၁၄တစ်နှစ်လုံးကိုပြောမယ်ဆို လွတ် လပ်ရေးရပြီးကတည်းကအငြိမ်းချမ်းဆုံးနှစ်လို့ပြောလို့ရတယ်။တိုက်ပွဲ အရရော၊လူအသေအပျောက်အရရော၊တိုက်ပွဲနဲ့ပတ်သက်ပြီးအရပ်သား တွေသေပျောက်မှုအရရောပေါ့” ဟုအပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ကြီး ကြပ်ရေးကော်မတီမှတာဝန်ရှိသူဒေါက်တာမင်းဇော်ဦးကပြောသည်။

၂ဝ၁၅ ခုနှစ်တွင် တပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA) ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲများပြင်း ထန်စွာဖြစ်ပွားခဲ့သည်။ သို့သော်လည်း ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ကွန်ဗင်းရှင်းစင်တာ(၂)တွင် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်(Nation wide Ceasefire Agreement – NCA)ကို ကျင်းပနိုင်ခဲ့သည်။ ယင်းစာချုပ်ကို ပြည်တွင်း သက်သေ ၂၁ဦး၊ နိုင်ငံတကာသက်သေခြောက်ဦးတို့ကသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် နိုင်ငံ ၅ဝမှ သံတမန်များရှေ့မှောက်တွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
”၂ဝ၁၅မှာတော့ ကိုးကန့်တိုက်ပွဲတွေဖြစ်လာတယ်။ ဒီလိုဖြစ် လာပေမဲ့ NCA လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့အကျိုးဆက်က ငြိမ်းချမ်းရေးအညွှန်းကိန်း တက်လာတယ်။ နောက်တစ်ခုက တချို့အဖွဲ့တွေ လက်မှတ်မထိုးနိုင်သော်လည်းနှစ်ဖက်အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့အဖွဲ့တွေရှိတယ်။ ဒီလိုနှစ်ဖက် သဘောတူညီချက်တွေ၊ NCA လို အားလုံးပါဝင်တဲ့သဘောတူညီ ချက်တွေလုပ်နိုင်ခဲ့တဲ့အပေါ်မှာ မြန်မာနိုင်ငံရဲ့ပဋိပက္ခဟာသမ္မတ ဦးသိန်းစိန်လက်ထက်မတိုင်မီက တိုက်ပွဲတွေဆက်ရှိနေပေမဲ့ တော် တော်များများ လျော့ကျသွားတယ်။ ရခိုင်ဘက်မှာ တိုက်ပွဲအချို့ဖြစ် ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်ဟာ ထက်ဝက်ကျော်လျှော့ကျသွားတယ်”ဟု ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပြောကြားသည်။

ယခင်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ ဆွေးနွေးသဘောတူထားသည့်ဃြဗ သဘောတူညီချက်ကို အခြေခံ၍ လက်ရှိအစိုးရမှ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
၂ဝ၁၆ ခုနှစ်တွင် NCA လက် မှတ်ထိုးထားသည့်အဖွဲ့များနှင့် တိုက်ပွဲများမရှိခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလမှ ယခု အချိန်အထိ လက်နက်ကိုင်အဖွဲ့များနှင့်သုံးကြိမ်သာထိတွေ့ခဲ့ကြောင်း၊ ယင်းထိတွေ့မှုသည် KNU နှင့်တစ်ကြိမ်၊ RCSS နှင့် နှစ်ကြိမ်ထိ တွေ့ခဲ့ကြောင်း၊ ယင်းထိတွေ့မှုများသည် အသေးစားထိတွေ့မှုများသာ ဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးကရှင်းပြသည်။

ယခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက် ဆီးရီးယားနိုင်ငံသည် ငြိမ်းချမ်းမှုမရှိဆုံးနိုင်ငံအဖြစ် အဆင့် ၁၆၃ တွင်တည်ရှိသည်။ ထို့နောက် တောင်ဆူဒန်၊ အီရတ်၊ အာဖဂန်နစ္စတန်နှင့် ဆိုမာလီယာနိုင်ငံတို့သည်ဆီးရီးယားနိုင်ငံ၏အဆင့် နောက်တွင် ရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံက အဆင့် ၁၂ဝ၊ မြန်မာနိုင်ငံကအဆင့် ၁၁၅နှင့် အမေရိကန်က အဆင့် ၁ဝ၃ ဖြင့် ရပ်တည်လျက်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ယနေ့ကမ္ဘာ့ငြိမ်းချမ်းရေးညွှန်းကိန်း များတိုးတက်လာခြင်း၏ အကြောင်းရင်းများသည် သမ္မတဦးသိန်းစိန် လက်ထက်တွင်ကြိုးပမ်းဆောင်ရွက်ခဲ့သည့်ငြိမ်းချမ်းရေး ရလဒ်ကောင်း များကို ယခုအချိန်တွင် နိုင်ငံသားများလက်တွေ့ခံစားနေရခြင်းဖြစ်သည်။

အင်းသားကြီး


Leave a Reply