ငါးနှစ်ဆက်တိုက် နှစ်လဲမော်တော်ယာဉ် သက်တမ်းမတိုးသည့် ယာဉ်များကို မှတ်ပုံတင်ဖျက်သိမ်းမည်

ငါးနှစ်ဆက်တိုက်နှစ်လဲ မော်တော်ယာဉ်မှတ်ပုံတင်ခြင်းမရှိသည့် ယာဉ်များကို မော်တော်ယာဉ် ဥပဒေအရ မှတ်ပုံ တင်ဖျက်သိမ်းမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ သည်။

ကညန နှစ်လဲသက်တမ်းတိုး မော်တော်ယာဉ်များ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ယာဉ် မှတ်ပုံတင်သက်တမ်းတိုးနိုင်ပြီး သက်တမ်းကုန်ဆုံးရက် ကျော်လွန်သော ယာဉ်များကို မှတ်ပုံတင်ကြေး ၏ ၅၀ ရာခိုင်နှုန်းဒဏ်ရိုက်မည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကားတွေရဲ့ မှတ်ပုံတင်သက်တမ်းကို လတစ်လရဲ့ နောက်ဆုံးရက်ကို သတ်မှတ်ပေးတယ်။ သက်တမ်းကုန် တော့မယ့်ကားတွေအနေနဲ့ သတ်မှတ်နောက်ဆုံးရက်မှ သက်တမ်းတိုးတာမျိုး မဟုတ်ဘဲ ကြိုတင်ပြီး သက်တမ်း တိုးနိုင်တယ်’’ ဟု အထက်ပါတာ ၀န်ရှိသူကပြောသည်။

မော်တော်ယာဉ်မှတ်ပုံတင် သက်တမ်းကုန်ဆုံးနေသော ယာဉ်များကို အများပြည်သူဆိုင်ရာ နေရာများတွင် မောင်းနှင်ခြင်းမပြုရန်နှင့် မော်တော်ယာဉ်သက်တမ်း ကုန်ဆုံးမည့်ကာလအတွင်း မပျက်မကွက် သက်တမ်းတိုးရန် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ မော်တော်ယာဉ်နံပါတ်ပြား လိမ်လည်တပ်ဆင် မောင်းနှင်သူများနှင့် မောင်းနှင် ခွင့်ပြုသူများကို တည်ဆဲဥပဒေအရ တရားစွဲဆို အရေးယူမည်ဖြစ်ပြီး ယာဉ်ကိုလည်း သိမ်းဆည်းမည်ဟု  ကညနမှ သတင်းရရှိသည်။

7 Day Daily


Leave a Reply