ရန်ကုန်ရှိ ရှေးဟောင်းဂျူးဘုရားကျောင်းကို အပြာရောင်ကမ္ပည်းတပ်ဆင်

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၆ ရှိ မတ်စ်မီးယား ရေရှူအာဂျူးဘုရားကျောင်းကို ဇွန်လ (၅) ရက်တွင် ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် ဘာသာရေးဆိုင်ရာ ဘုရားကျောင်းများစွာတည်ရှိရာ ရန်ကုန်မြို့တွင် တစ်ခုတည်းသာ ကျန်ရှိတော့သည့် ဂျူးဘုရားကျောင်းကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

မတ်စ်မီးယား ရေရှူအာဂျူးဘုရားကျောင်းကို ၁၈၉၃-၉၆ တွင်ရန်ကုန်မြို့၌ တည်ဆောက်ခဲ့ပြီး ၁၈၅၄ က တည်ဆောက်ခဲ့သည့် သစ်သားအဆောက်အအုံနေရာ၌ အစားထိုး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လူဦးရေ ၂,၅၀၀ ခန့်ရှိသော ဂျူးလူမျိုးအသိုက်အ၀န်းသည် ကိုလိုနီခေတ် စီးပွားရေးလောကတွင် အများလေးစားရာ ဖြစ်ခဲ့သကဲ့သို့ အဆိုပါခေတ် လူ့အဖွဲ့အစည်း၏အရေးပါသော အစိတ်အပိုင်းဖြစ်ခဲ့သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ဂျူးလူမျိုး ဦးရေ အနည်းငယ်သာ ကျန်ရှိတော့သည်။

အဆိုပါ ကမ္ပည်းပြားတပ်ဆင်ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်မြို့ အနှံ့ရှိ သမိုင်းဝင်နေရာ များ လေ့လာခြင်း၊ ကမ္ပည်းပြားများ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းတို့အတွက် Royal Philips Cor- poration က အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ကို အဆိုပါလုပ်ငန်းများ လုပ်ဆောင်ရန် ထောက်ပံ့ပေးထားပြီ ဖြစ်သည်။

အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းကို ရန်ကုန်မြို့တွင် ၂၀၁၄ ကစတင်ခဲ့ပြီး သမိုင်းဝင် အဆောက်အအုံ အများ ပြည်သူနှင့် သက်ဆိုင်သော နေရာ ၁၀ ခုထက်မနည်း၌ တပ်ဆင်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့် ရှောက်ရေးအဖွဲ့သည် ရန်ကုန်မြို့ အနှံ့ရှိ သမိုင်းဝင် အထင်ကရနေရာများတွင် သမိုင်းကြောင်း တည်ရှိစေရန် အပြာရောင်ကမ္ပည်းပြားများ ဆက်လက်တပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။

7 Day Daily


Leave a Reply