MPC ကို NRPC ဟု ပြောင်းလဲဖွဲ့စည်းပြီး အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ထားရှိမည်

13217581_811142359019982_2220788631416337538_o

MPC ကို NRPC ဟု ပြောင်းလဲဖွဲ့စည်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအောက်တွင် အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ် ထားရှိမည်။

(၂၁)ရာစုပင်လုံညီလာခံကျင်းပရေး အကြိုပြင်ဆင်ကော်မတီနှင့် ဆပ်ကော်မတီများကို တစ်ပတ်အတွင်း ဖွဲ့၍ လုပ်ငန်းကို အရှိန်မြှင့်လုပ်ကိုင်မည်။

NCA အခြေခံ၍ ပြောင်းလွယ်ပြင်လွယ်ဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ပြန်လည်သုံးသပ်ပြင်ဆင်မည်။

UPDJC(ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) အမြန်ဆုံးပြင်ဆင်ဖွဲ့စည်းမည်။

မြန်မာငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေး ဗဟိုဌာန (MPC)ကို အမျိုးသားရင်ကြား စေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)အဖြစ် ပြောင်းလဲဖွဲ့ စည်း၍ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအောက်ရှိ အစိုးရအဖွဲ့ အစည်းတစ်ရပ်အဖြစ် ထားရှိမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က မေလ ၁၆ ရက်တွင် ပြောကြားလိုက် သည်။ NRPC သည် အစိုးရ ဌာန အဖွဲ့အစည်းတစ်ရပ်ဖြစ်လာမည်ဖြစ်၍ ဘတ်ဂျက်သုံးစွဲမှုစည်းမျဉ်း စည်းကမ်း၊ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရုံးချုပ်ကို နေပြည်တော်တွင် တည်ထောင်ကာ ရန်ကုန်မြို့ရှိ MPC ရုံးကို NRPC ရန်ကုန်ရုံးခွဲအဖြစ် ပြောင်းလဲဖွဲ့ စည်းမည်ဟု ဒေါ်အောင် ဆန်းစု ကြည်ကပြောသည်။

တနင်္လာနေ့က သမ္မတအိမ်တော်တွင် အစိုးရ၊ တပ်မတော်နှင့် အရပ်ဘက်ကိုယ်စားလှယ်အချို့ ပါဝင်ပြုလုပ်ခဲ့သော အစည်းအဝေး၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ကထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးသိန်းစိန်အစိုးရ ဆင်းခါနီး တွင် MPC ကို ဖျက်သိမ်းခဲ့ပြီးနောက် တစ်လကျော်အကြာ ၌ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် သည့် အစိုးရက အမည် ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးညှိနှိုင်းရာတွင် MPC သည် သမ္မတထံတိုက်ရိုက် အစီရင်ခံစာတင်သွင်းရသည့် သမ္မတရုံးဝန်ကြီးဥက္ကဋ္ဌအဖြစ် နေရာယူထားသာ အစိုးရဘက်က ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့ တစ်ခုအဖြစ် ပါဝင်ခဲ့သည်။ NRPC ဖွဲ့စည်းမည့်ပုံစံ၊ ဝန်ထမ်းအင်အား၊ ပါဝင်ဖွဲ့စည်းမည့် ဌာနများ စသည့်အသေးစိတ်တို့ကိုမူ မဆုံးဖြတ်ရသေးပေ။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စေ့စပ် ညှိနှိုင်းမှုကို အစိုးရစေ့စပ် ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာတင်မျိုးဝင်းက ဦးဆောင်မည်ဖြစ်ပြီး NRPC ပြန် လည် ပြင်ဆင်ဖွဲ့စည်းမှု လုပ်ငန်းစဉ်များကို နိုင်ငံတော်အတိုင်ပင်ခံ ရုံးဒုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရသူ ဦးကျော်တင့်ဆွေက ဦးဆောင် ဆောင်ရွက်မည်ဖြစ်သည်။

‘‘ဦးကျော်တင့်ဆွေကတော့ Organize လုပ်မယ့်ဘက်မှာပါပြီးတော့ တစ်ဖက်မှာတော့ ဒေါက်တာတင်မျိုးဝင်းက ဦးဆောင်မယ့် အနေအထားရှိတယ်။ ကျန်တဲ့လူ စာရင်းတွေတော့ တရားဝင်ထွက် တော့မှပဲ သေချာပါလိမ့်မယ်’’ဟု မေလ ၁၆ ရက် သမ္မတအိမ်တော် အစည်းအဝေးတွင် ပါဝင်ခဲ့သော ယခင် MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြောသည်။ ၂၁ ရာစုပင်လုံညီလာခံကို တစ်လ၊နှစ်လအတွင်း စတင်ဆောင်ရွက်သွားလိုသည်ဟု ဒေါ် အောင်ဆန်း စုကြည်က မကြာသေးမီက ပြောကြားခဲ့ပြီးနောက် NRPC ဖွဲ့စည်းရေးနှင့် ညီလာခံ ကျင်းပရေးညှိနှိုင်းအစည်းအဝေး ပွဲများကို ဆက်တိုက် ဦးဆောင်ပြုလုပ်နေသည်။

၂၁ ရာစု ပင်လုံ ညီလာခံကျင်းပနိုင်ရေး အကြိုပြင် ဆင်ရေးကော်မတီ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသ ဘောတူညီချက် (NCA) လက်မှတ်ထိုးထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်လက် ညှိနှိုင်း ရန်ဆပ်ကော်မတီ၊ လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းရန် ဆပ်ကော်မတီတို့ကို တစ်ပတ်အတွင်း ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို အရှိန်မြှင့်လုပ် ဆောင်ရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းခဲ့သည်။ အချိန်ကန့်သတ်ချက်ရှိ၍ ဆပ်ကော်မတီနှစ်ရပ်အနေဖြင့် တစ်ပြိုင်တည်း သီးခြားစီ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရမည်ဟုလည်း ဆိုသည်။

‘‘အမျိုးသားရင်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကအချက်မှာ ပါဝင်သူ အားလုံးအနေဖြင့် မိမိတို့ မည်သည်ကို လိုချင်သည်ဟူသော တောင်းဆိုမှု ထက် မိမိတို့ဘက်က မည်သည်ကို ပေးနိုင်သည်ဟူသော ကမ်းလှမ်းချက်ကို အခြေခံ၍ ဆွေးနွေးကြရန်ဖြစ်ကြောင်း’’ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သည်။ ဆွေးနွေးညှိနှိုင်းရာတွင် NCA ကို အခြေခံ၍ ပြောင်းလွယ် ပြင်လွယ်ဆွေးနွေးကြရန်၊ နိုင်ငံ ရေးဆွေးနွေးပွဲမူ ဘောင်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်သင့်သည်များ ပြင်ဆင်ကာ ဆွေးနွေးပွဲ အာဂျင်ဒါများ ပြန်လည်သတ်မှတ်ပေးရန် အရေးကြီးကြောင်းလည်း ၎င်းကဆိုသည်။

 ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးကို လာမည့်တစ်ပတ်အတွင်း နေပြည်တော်တွင် ပြုလုပ်ရန်ရှိပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ ဆုံရန်ရှိသည်။ ထို့အတူ UPDJC ပြင်ဆင်ဖွဲ့စည်းမှုများကို ဆောင်ရွက်သွားရန် ရှိနေသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ခိုင်ခိုင်မာမာ ပါဝင် နိုင်ရေးအတွက် CSO Forum တစ်ခု ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကို နိုင်ငံရေးဆွေးနွေးပွဲများနှင့်အပြိုင် သီးခြားဆောင်ရွက်သွားကြရန် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ CSO Forum ကို CSO များ ကိုယ်တိုင် ရွေးချယ်ဆောင်ရွက် စေမည်ဖြစ်ပြီး လိုအပ်သည့် ပံ့ပိုး ကူညီမှုများကို NRPC က ဖြည့် ဆည်းဆောင်ရွက်ပေးရန်၊ CSO Forum မှ ထွက်ပေါ်လာသော အကြံပြုတင်ပြချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန်၊ လူအများကြီး မဖောင်းပွစေဘဲ သိပ်သည်း ကျစ်လျစ်သော ဆွေးနွေးပွဲသဘောကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သွားမည် ဟုဆိုသည်။ ကော်မတီနှင့် ဆပ်ကော်မတီများတွင် ပါဝင်မည့် လူစာရင်းကို တစ်ရက်၊ နှစ်ရက် အတွင်း ကြေညာရန်ရှိကြောင်း မေလ ၁၆ ရက် အစည်းအဝေး၌ ပါဝင်ခဲ့သူအချို့ထံမှသိရသည်။  7day daily


Leave a Reply