ပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး နယ်မြေကွင်းဆင်းဆောင်ရွက်

UPHtwe (24-5)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် သရက်ခရိုင်ပါတီ အတွင်းရေးမှူး ဦးဝင်းကျော်နှင့်အတူ ယခုလ ၂၁ ရက်က ကံမမြို့နယ်အတွင်း လေဘေးသင့် ကျေးရွာများသို့ သွားရောက်၍ ပြန်လည် ပြင်ဆင်ဆောက်လုပ်နိုင်ရန် ငွေကြေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူမြော်ကြည်ညိုခြင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ 

ဦးပိုက်ထွေးသည် ယခုလ ၂ဝ ရက်နှင့် ၂၁ ရက်တို့တွင် မင်းလှ၊ သရက်၊ ကံမ၊ မင်းတုန်းမြို့နယ်များသို့ သွားရောက်၍ မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီတွင်း စည်းလုံးညီညွတ်မှုခိုင်မာရေး၊ ပါတီပြင်ပစည်းရုံးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပြည်သူ လက်ခံယုံကြည် အားကိုးသော ပြည်သူ့ပါတီဖြစ်ရေး၊ ပါတီအပေါ် အမြဲတမ်းသစ္စာစောင့်သိပြီး ပါတီ အကျိုး အစဉ်ဦးထိပ်ပန်ဆင်သော ပါတီဝင်များဖြစ်ရေး၊ ပြည်သူနှင့်လက်တွဲ၍ ပြည်သူ့အကျိုး အစဉ် သယ်ပိုးဆောင်ရွက်ကြရေးကိစ္စများ ရှင်းလင်းဆွေးနွေးခဲ့သည်။ 

၎င်းအပြင် ပါတီအဆင့်ဆင့်ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရာတွင် လူကောင်းလူတော်များ ရွေးချယ်ပါဝင်နိုင်လာရေး၊ မူဝါဒလုပ်ငန်းစဉ်များကို သိရှိနားလည် အောင်လေ့လာပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေး၊ အဆင့်ဆင့် ဖွဲ့စည်းပေးထားသည့်အဖွဲ့များက တာဝန်သိမှု တာဝန်ခံမှုဖြင့် အချင်းချင်း ညှိနှိုင်းတိုင်ပင်ကာ ဗဟိုကချမှတ်ပေးထားသည့် စီမံချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစီမံဆောင်ရွက်သွားကြရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


Leave a Reply