ကျန်းမာရေးဝန်ကြီးဌာန၏ ရက်တစ်ရာစီမံချက်အရ ဆေးရုံတစ်ရာတွင် ကာကွယ်ဆေးထိုး ဆေးခန်းများ ဖွင့်လှစ်မည်

Children Hospital

ကျန်းမာရေးဝန်ကြီးဌာန၏ ရက်တစ်ရာစီမံချက်မှ ကာကွယ်ဆေးထိုးလုပ်ငန်းကို ပြည်သူများ လက်လှမ်းမီစေရန် ယခုနှစ်အတွင်း ဆေးရုံတစ်ရာတွင် ကာကွယ်ဆေးထိုး ဆေးခန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း နေပြည် တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။ ယင်းကာကွယ် ဆေးထိုး ဆေးခန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကလေး အထူးကုဆရာဝန် များရှိသည့် ခုတင်တစ်ရာ နှင့်အထက် ဆေးရုံများ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 ‘‘ကလေး အထူးကုရှိတဲ့ ဆေးရုံတွေကို ပထမဦးစားပေးလုပ်မယ်။ အဓိကက(၅)နှစ်အောက် ကလေး သေဆုံးမှု ကျဆင်းအောင် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ် ဆေးထိုး လုပ်ငန်းတွေကို လုပ်ပေးနေတယ်။ အရင်ကဆိုရင် ကာကွယ်ဆေးထိုးတာကို လတစ်လရဲ့ ပထမပတ်မှာပဲ လုပ်တယ်။ အခုကျတော့ ဆေးရုံတွေ မှာ တစ်ပတ်ကို နှစ်ကြိမ် လောက်ဖွင့်ပြီး ထိုးပေးလို့ရမယ်။ ကလေးမိဘတွေအတွက် မအားခဲ့ရင် အချိန်ရတာ ပေါ့။ တစ်လလုံးထိုးနိုင်တာပေါ့’’ဟု ဒေါက်တာ သန်းထွန်းအောင်က ဆိုသည်။ ရန်ကုန်တိုင်းအတွင်း၌ ရန်ကင်းကလေး ဆေးရုံကြီး၊ ဟယ်ပင်ကလေး ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ အနောက်ပိုင်း ဆေးရုံ၊ အရှေ့ပိုင်း ဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးများတွင် ကာကွယ်ဆေးထိုး ဆေးခန်း များ ဖွင့်လှစ်မည်ဟု ၎င်းက ပြောသည်။

‘‘ကာကွယ်ဆေးထိုး လုပ်ငန်းလုပ်ရာမှာ ကာကွယ်ဆေးတွေကို သယ်ယူပို့ဆောင်ရာမှာ အအေးလမ်းကြောင်း ပစ္စည်းတွေကို ဖြည့်တင်းရမယ်။ စနစ်ကျရမယ်။ ထိုးပေးတဲ့ဆရာမတွေကို သင်တန်းပေးရမယ်။ မှတ်တမ်း တင်ဖို့ သတင်းပို့ဖို့တွေလိုတယ်။ ဆေးထိုးပြီး တစ်ခုခုဖြစ်လို့ရှိရင် ကလေးအထူးကုဆရာဝန်က ကုနိုင်ရ မယ်။ ကုသရေးနှင့် ပြည်သူ့ကျန်း မာရေးပေါင်းပြီး ညှိနှိုင်းစည်းဝေးတွေ လုပ်ရဦးမယ်။ ဒါလည်း ရက်တစ်ရာထဲမှာ ပါတယ်’’ဟု ဒေါက် တာသန်းထွန်းအောင်က ရှင်းပြသည်။

ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြည်သူလူထုကို ကိုယ်တိုင် ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် နေပြည်တော်၌ ဧပြီ ၂၉ ရက်က ကာကွယ်ဆေးထိုးနှံ တိုက် ကျွေးရေး အထိမ်းအမှတ် ရက်သတ္တပတ်လုပ်ငန်း ဖွင့်ပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံရှိ (၅)နှစ် အောက် ကလေးများ၌ သေဆုံးမှု အများဆုံးသော ကူးစက်ရောဂါများမှ အကာအကွယ်ပေးနိုင်ရေး ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဝိုင်းဝန်း ပါဝင်ကြရန်နှင့် ပုံမှန်ကာကွယ် ဆေးထိုး လွှမ်းခြုံမှု ၈၀ ရာခိုင်နှုန်းအောက်ရောက်ရှိနေသည့် မြို့နယ်များတွင် ဦးစားပေးဆောင်ရွက်ရရန် ထည့်သွင်းပြောကြားခဲ့သည်။


Leave a Reply