အောင်ဘာလေထီ ကျပ်တစ်သောင်းဆု တိုးပေးမည်

ထီထိုးသူ ပြည်သူတွေ ထီများများပေါက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လာမယ့် အောင်ဘာလေထီဖွင့်ပွဲကစပြီး ဆုငွေကျပ်တစ်သောင်း ထီဆုထပ်တိုးချီးမြှင့်ပေးသွားမယ်လို့ အောင်ဘာလေသိန်းဆု ဌာနခွဲ (ရန်ကုန်) ညွှန်ကြားရေးမှူး ဦးညီညီလွင်က ပြောပါတယ်။

ထပ်တိုးထီဆုမဲအနေနဲ့ ရှေ့အက္ခရာ နဲ့ ရှေ့ဂဏန်းတစ်လုံးတူရုံနဲ့ ဆုငွေ ကျပ်တစ်သောင်း ရရှိမှာဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှာ ပြုလုပ်မယ့် ၄၃ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲက စတင်ပြီး ထည့်သွင်းချီးမြှင့် သွားမယ်လို့ သူက ပြောပါတယ်။ ထီထိုးသူပြည်သူတွေအနေနဲ့ ငါးစောင်တွဲ ထီထိုးမယ်ဆို အက္ခရာ နဲ့ ရှေ့ဂဏန်း တစ်လုံးတူရင် ကျပ်ငါးသောင်း ရရှိမှာ ဖြစ်ပြီး ၁၀ စောင်တွဲ ထီထိုးမယ်ဆို ကျပ်တစ်သိန်းထိ ရရှိနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။  ကျပ်တစ်သောင်းထီဆုကိုတော့ မရောင်းရတဲ့ ထီလက်မှတ်တွေအပေါ် မူတည်ပြီး ခွဲဝေပေးမှာဖြစ်လို့ ထီဖွင့်ပွဲနေ့မှ ဆုအရေအတွက် ဘယ်လောက်ပါဝင်မလဲဆိုတာ သိရှိရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ထီရောင်းအားကတော့ သိသိသာသာတိုးတက်လာတာ မရှိပေမယ့် ပြည်သူတွေ ထီဆုပေါက်နိုင်ဖို့ ရည်ရွယ်ပြီး ကျပ်တစ်သောင်းထီဆု ထည့်သွင်းချီးမြှင့်ပေးတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ တော့ အောင်ဘာလေထီဆုရဲ့ အထူးဆုကြီးအနေနဲ့ ကျပ်သိန်းငါးထောင်တစ်ဆုနဲ့ ကျပ်သိန်းတစ်ထောင် တစ်ဆု ကိုချီးမြှင့်ပေးနေပြီး ထပ်တိုးချီးမြှင့်ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း သူကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းချရငွေမှာ ကျပ်သန်း ၃၀၀၀ ကျော်ရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်း ကို ထီဆုငွေအဖြစ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ source:onenews