Boot Camp သို့တက်ရောက်ရန် MyanZen နှင့် GoP အဖွဲ့ကို ရွေးချယ်

13055498_1301478023201056_6074499030859199089_n

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Boot Camp သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ MyanZen နှင့် GoP အဖွဲ့နှစ်ဖွဲ့ကို ရွေးချယ်ထားသည်ဟု Telenor Myanmar မှ သိရသည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ မှ အလားတူရွေးချယ်ထားသော အဖွဲ့များနှင့်အတူ Boot Camp သို့ တက်ရောက်ရမည်ဖြစ်ပြီး Telenor ၏ Accelerate အစီအစဉ်အရ Boot Camp သို့တက်ရောက်ကြ ခြင်းလည်း ဖြစ်သည်။ Boot Camp သည် အချိန်လေးလကြာမြင့်မည့် Camp တစ်ခုဖြစ်ပြီး Camp အတွင်း Silicon Valley မှ ကျွမ်းကျင်ပညာရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ကြရမည် ဖြစ်သည်။ အလားတူ Camp အတွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် တွေ့ ဆုံဆွေးနွေးခွင့်များ၊ အကျိုးတူ ရင်းနှီးမြှုပ်နှံလို သူများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်များကိုလည်း ရရှိမည်ဖြစ်သည်။  အဓိကအားဖြင့် ရွေးချယ်ခံရသော အဖွဲ့များသည် Telenor နှင့် လက်တွဲ၍ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၅ သောင်းကို လည်း ထောက်ပံ့မှုရရှိမည်ဟု Telenor က သတင်းထုတ်ပြန်ထားသည်။ “မြန်မာမှာ ထူးချွန်တဲ့ Startup တွေ အများအပြားရှိနေပါတယ်။ အထောက်အပံ့တွေ ၊ အကြံဥာဏ်တွေ၊ အခွင့်အရေးတွေသာ ရှိကြမယ်ဆိုရင် သူတို့တွေမှာ ခိုင်မာတဲ့ အနာဂတ် အလားအလာရှိကြတယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်” ဟု Telenor မှ နည်းဗျူဟာချမှတ်မှု ဆိုင်ရာ အရာရှိချုပ် Ronny-Bakke Naevdal က ပြောသည်။ Boot Camp သို့ တက်ရောက်ခွင့်ရရှိရန် မြန်မာနိုင်ငံမှ အဖွဲ့ပေါင်း ၃၉ ဖွဲ့မှ လျှောက်လွှာ ဖောင်တင်ခဲ့ကြောင်း၊ အဆိုပါ အဖွဲ့ ပေါင်း ၃၉ ဖွဲ့မှ Telenor Accelerate နှင့် သင့်လျော်သည့် အဖွဲ့နှစ်ဖွဲ့ကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း Telenor က သတင်းထုတ်ပြန်ခဲ့ သည်။ ရွေးချယ်ခံ အဖွဲ့တစ်ခုဖြစ်သည့် MyanZen သည် ပစ္စည်းမျိုးစုံကို နေရာမရွေး အချိန်တိုင်းဝယ်ယူနိုင်ရန် လုပ်ကိုင်နေသည့် အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး အခြားသော ရွေးချယ်ခံအဖွဲ့တစ်ဖွဲ့ဖြစ်သည့် GoP သည် ခရီးသွားလုပ်ငန်းများအကြား ပေါင်းကူးပေးသည့် ဝန်ဆောင်မှုကို လုပ်ကိုင်ရန် ရည်မှန်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်။


Leave a Reply