မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်မှုကို ရက်အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်း

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဦးဆောင်၍ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာဆန္ဒပြသည့် ဖြစ်စဉ်များကြောင့် မလေးရှား နိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်မှုကို ရက်အကန့်အသတ်မရှိ ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများကြောင့် မလေးရှားနိုင်ငံမှ အလုပ်ခေါ်စာ (Demand Letter) အသစ်များ လက်ခံခြင်းကို အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဒီဇင်ဘာလ ၆ ရက်တွင် အဆိုပါ ဝန်ကြီး ဌာနက စတင်ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

“ခေတ္တ ပိတ်သိမ်းမှုကတော့ ရက် အကန့်အသတ် မရှိပါဘူး။ ဟိုဘက်က ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို ကာကွယ်တဲ့အနေနဲ့ ရပ်ဆိုင်းလိုက်တာပါ။ မလေးဘက်က ရပ်ဆိုင်းတာ မဟုတ် ပါဘူး။ မြန်မာဘက်က မပို့တော့တာပါ”ဟု နေပြည်တော် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ဆိုသည်။

အလုပ်သမားစေလွှတ် ခေါ်ယူခွင့်ပြုပြီးသည့် အလုပ်ခေါ်စာ (Calling Letter) များအတွက် ပို့ဆောင်ပေးမည့် အေဂျင်စီများအနေနှင့် အလုပ်သမားများအပေါ် အပြည့်အဝတာဝန်ယူသည်ဟူသော ကတိပြုလက်မှတ် ရေးထိုးမှု ဖြင့်သာ စေလွှတ်ခွင့်ပြုထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာလုပ်သားခေါ်ယူမှု ရပ်ဆိုင်းရန် မလေးရှားနိုင်ငံတွင် လှုံ့ဆော်မှုများရှိသည့်အပြင် ယခုရက်များအတွင်း မလေးရှားနိုင်ငံရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် NGOs များဦးဆောင်၍ မြန်မာသံရုံးသို့ လာရောက်ဆန္ဒပြခြင်းများ ရှိနေသောကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို သတိပြု သွားလာ ကြရန် မြန်မာသံရုံး(ကွာလာ လမ်ပူ)က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မလေးရှားနိုင်ငံမှ မြန်မာလုပ်သား ခေါ်ယူမှုအတွက် ပြောင်းလဲမှု မရှိသေးဘဲ လစဉ် နှစ်ထောင်ကျော်မှ သုံးထောင်ခန့်အထိ မြန်မာ အလုပ်သမားများကို ပို့ဆောင်နေရပြီး အလုပ် လုပ်ကိုင်ခွင့် သုံးနှစ်ရရှိကာ အနည်းဆုံး တစ်လလျှင် လုပ်ခ ရင်းဂစ်တစ်ထောင် ရရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များထံမှ သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အောက်တိုဘာလအထိ စာရင်းများအရ မလေးရှားနိုင်ငံတွင် တရားဝင် ရွှေပြောင်း အလုပ်သမား တစ်သိန်း ကိုးသောင်းကျော် ရှိကြောင်း ထုတ်ပြန်ထားပြီး လက်ရှိ မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း မြန်မာလုပ်သား ငါးသိန်းမှ ခုနစ်သိန်းကျော်အထိ ရှိနိုင်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်၍ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာ ဆန္ဒပြမှုဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက် ကြောင်း တုံ့ပြန် ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော မလေးရှားဝန်ကြီးချုပ် ဦးဆောင်သည့် ဆန္ဒပြမှုများကို ကန့်ကွက်ရှုတ်ချသည့်အနေနှင့် ရဟန်းသံဃာတော်များနှင့် မြန်မာနိုင်ငံသားများက ဒီဇင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့ မလေးရှားသံရုံးရှေ့၊ ဒီဇင်ဘာလ ၄ ရက်တွင် မြို့တော်ခန်းမရှေ့များ၌ ဆန္ဒပြခဲ့သည်။ # The Voice


Leave a Reply