ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံအတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်ခြင်းကို ဇွန် ၉ ရက်မှစ၍ ရန်ကုန်မြို့၌ ပြုလုပ်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၁) အဖွဲ့ဝင်များအနေဖြင့် ဇွန် (၉) ရက်မှစတင်၍ ရန်ကုန်မြို့ရှိ  Myanmar Peace Center ၌ တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီအဖွဲ့ဝင် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးကြီးစိုင်းလက ဇွန် ၇ ရက်တွင် ပြောကြားသည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)  လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါဆပ်ကော်မတီ၏ဥက္ကဋ္ဌမှာ တပ်မတော်မှ အမှတ်(၂) စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက  ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၁) လုပ်ငန်းတာဝန် များတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင်ပါရှိသော ဆွေးနွေးပွဲခေါင်းစဉ်များကို ကျစ်ကျစ်လျစ်လျစ် ရှိစေရေး အတွက် ဆွေးနွေးညှိနှိုင်းရန်၊ မူဘောင်ကို ပြန်လည်သုံးသပ်ခြင်း ဆောင်ရွက်ရန်၊ ညီလာခံအစည်းအဝေး ရလဒ်များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ကြိုတင်ညှိနှိုင်း၍ ကော်မတီ သို့တင်ပြရန်၊ ညီလာခံကျင်းပရေး ပူးတွဲကော်မတီ တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဆွေးနွေးညှိနှိုင်းရန်တို့ ပါဝင်သည်။

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းရန် ဖွဲ့စည်း ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) အနေဖြင့် လည်း ဇွန် ၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်၌ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့ကိုးဖွဲ့ဖြင့် စုဖွဲ့ ထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေခဲ့ရာ ယခုဇွန်လလယ်တွင် ရန်ကုန် သို့မဟုတ် နေပြည်တော်တွင် ထပ်မံတွေ့ဆုံရန် ဖိတ်ကြားထားကြောင်း သိရသည်။

အစိုးရသစ်က ၂၀၁၆ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပနိုင်ရန် ဆောင်ရွက်နေသည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ – ၂၁ရာစုပင်လုံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်လာရေး၊ ညီလာခံအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ရန်အတွက် မေ ၁၆ ရက်က ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီအနေဖြင့် ဆပ်ကော်မတီနှစ်ခု ဖွဲ့စည်းကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးနှင့် တွေ့ဆုံညှိနှိုင်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး တပ်မတော် အဆင့်မြင့်အရာရှိကြီး များအဖွဲ့ဝင်အဖြစ် ပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် NCA စာချုပ် လက်မှတ်ထိုးပြီးသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လည်းကောင်း၊ လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လည်းကောင်း ဆွေးနွေးညှိနှိုင်းရန်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုအပ်ချက်များ၊  တင်ပြချက်များကို နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ညီလာခံဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွား နိုင်မည့် လုပ်ငန်းစဉ်တစ်ခု ပေါ်ပေါက်လာသည်အထိ လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရန်၊ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်အတည်ပြုနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးသို့တင်ပြရန် စသည်တို့ ပါဝင်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီအနေဖြင့် မူဝါဒဆိုင်ရာ ကိစ္စများအတွက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ၍ လမ်းညွှန်မှု ခံယူရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ သိရသည်။

Eleven


Leave a Reply