နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်း ဆင်းပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ပါတီရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

 ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းတို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များ ပေး အပ်ကြသည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ပထမဆု ရရှိသော ကျောက်တံခါးမြို့ နယ်၊ ဒုတိယ ရရှိသော သနပ်ပင်မြို့နယ်၊ တတိယရရှိသော ကဝမြို့နယ် တို့ကို ပါတီဗဟိုအတိုင်ပင်ခံနှင့် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌတို့က ဆုများ ပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါသင်တန်းကို ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍ ယခုလ ၁၂ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး စည်းရုံးရေး အခြေခံသဘောတရား၊ နိုင်ငံတကာအခြေအနေ၊ နိုင်ငံရေး စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ ငွေစာရင်းထိန်းသိမ်းခြင်း၊ ရုံးလုပ်ငန်းနှင့် ပါတီမူဝါဒပိုင်း ဆိုင်ရာကဏ္ဍများကို သင်ကြားပို့ချကာပဲခူးခရိုင်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ သင်တန်းသား သင်တန်းသူ ၄ဝ ဦး တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း၊ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် တိုင်းဒေသကြီး ကော်မတီဝင်များ၊ ပဲခူးခရိုင် ပါတီ ဥက္ကဋ္ဌဦးအောင်းစိုးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြ ကြောင်းသိရသည်။

တင်စိုး(ပဲခူး)