အိုဟောင်း ဘတ်စ်ကားများ သတ်မှတ်ရက်အတွင်း မအပ်နှံပါက လုပ်ငန်းလိုင်စင်သိမ်း၍ လူစီးစလစ် ထုတ် ပေးခြင်း ပယ်ဖျက်မည်

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များအနက် ၁၉၉၅ ခုနှစ် မော်ဒယ်နှင့်အောက် ခရီးသည်တင်ဘတ်စ်ကားများကို အပ်နှံ၍ လူစီးယာဉ်စလစ် ထုတ်ပေးလျက်ရှိရာ လာမည့် ဇွန် ၂ဝ ရက်တွင် နောက်ဆုံးအပ်နှံခြင်းမပြုပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်း၍ လူစီးယာဉ် စလစ် ထုတ်ယူခြင်းကို ပယ်ဖျက်မည်ဖြစ်ကြောင်း ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

သက်တမ်း နှစ် ၂ဝ နှင့်အထက် အိုဟောင်းဘတ်စ်ကားများကို အစားထိုးလဲလှယ်သည့် အစီအစဉ်အရ ၁၉၉၅ ခုနှစ် မော်ဒယ်နှင့်အောက် ခရီးသည်တင်ဘတ်စ်ကားများကို အပ်နှံ၍ လူစီးယာဉ်စလစ် ထုတ်ပေးခြင်းကို ပြီးခဲ့ သည့် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လာမည့် ဇွန် ၂ဝ ရက်တွင် အဆိုပါယာဉ်များကို နောက်ဆုံးထားအပ်နှံရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက လုပ်ငန်းလိုင်စင်သိမ်းကာ လူစီးစလစ်ထုတ်ပေးခြင်းကို ပယ်ဖျက်သွားမည်ဟု မေ ၁၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် YBS ယာဉ်လိုင်း များအစည်းအဝေးတွင် ဝန်ကြီးက ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

အဆိုပါ အိုဟောင်းဘတ်စ်ကားများ အပ်နှံမှုစတင်လက်ခံခြင်းကို ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြင်သာ ကညနရုံးတွင် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှ စတင်လက်ခံ ဆောင်ရွက် ပေးခဲ့ပြီး ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန်အတွက် အိုဟောင်းအပ်ယာဉ်များအား လူစီးယာဉ်စလစ်ထုတ် ပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ဘတ်စ်ကားစီးရေမှာ မူလစာရင်းအရ အစီး ၇ဝဝဝ ကျော်ခန့်ရှိသော်လည်း နေ့စဉ်ပြေးဆွဲခဲ့သည့်ယာဉ်မှာ အစီး ၄ဝဝဝ ခန့်သာရှိသည်ဟု သိရသည်။

အဆိုပါ စာရင်းတွင် နှစ် ၂ဝ ကျော် အိုဟောင်း စီးတီးဘတ်စ်ယာဉ်များအပါ အဝင် မီနီဘတ်စ်အရေအတွက် အစီး ၁၇ဝဝ ခန့်၊ ဒိုင်နာ၊ ဘီအမ်ယာဉ်များ အပါအဝင် အစီး ၃ဝဝဝ ကျော်ခန့်ရှိကြောင်း သိရသည်။

အဆိုပါယာဉ်များအား တဖြည်းဖြည်း အစားထိုးလှဲလှယ်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီး လက်ရှိအစိုးရက ဝယ်ယူ ထားသော ခရီးသည်တင်ယာဉ်များ၊ ပုဂ္ဂလိက ကုမ္ပဏီတို့က ဝယ်ယူထားသောယာဉ်များ ယခုလအတွင်း ရောက်ရှိလာမည်ဖြစ်ရာ ယာဉ်အသစ်များ အစားထိုးလာနိုင်ခြင်းနှင့်အတူ ယာဉ်အဟောင်းများကိုလည်း ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar