ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော အဖွဲ့ဝင် (၂၁) ဦးပါ မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နေပြည်တော်မှ တရုတ်လေကြောင်းလိုင်းဖြင့် သြဂုတ် (၃ဝ) ရက် မွန်းလွဲ ၃ နာရီတွင် ထွက်ခွာခဲ့ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွေ့ရန်အပြည် ပြည်ဆိုင်ရာ လေဆိပ် သို့ ဒေသစံတော်ချိန် ည ၁ဝ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်။

မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Yuaw Zhibing ဦးဆောင်သော တရုတ် ကွန်မြူနစ် ပါတီမှပုဂ္ဂိုလ်များ၊ ကွေ့ကျုံးပြည်နယ်အစိုးရ နိုင်ငံခြားရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Liu Baocheng နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ လာရောက်ကြိုဆို ကြသည်။

သြဂုတ် ၃၁ ရက်တွင် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကွေ့ရန်မြို့ အလုပ်သမား အသင်းချုပ် တာဝန်ခံနှင့် တွေ့ဆုံခဲ့ပြီး အသေးစား၊ အလတ်စားကုမ္ပဏီ အလုပ်သမားများ၏ တည်ဆောက်မှုအခြေအနေကို ကွင်းဆင်းလေ့လာခဲ့သည်။

နေ့လယ်ပိုင်းတွင် အမျိုးသမီးများသမဂ္ဂတာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အမျိုးသမီးများ၏ လူနေမှုဘဝမြှင့်တင်ရေးနှင့် အမျိုးသမီးများ ရပိုင်ခွင့် ကာကွယ်ရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ကွေ့ကျုံးပြည် နယ်အစိုးရအဖွဲ့ ဒုတိယအုပ်ချုပ် ရေးမှူး Mr Qin Rupei နှင့် နှစ် နိုင်ငံ ချစ်ကြည်ရေးကိစ္စရပ်များ၊ ဒေသတွင်းအခြေအနေများ၊ နှစ် နိုင်ငံချစ်ကြည်ရေး ပါတီအချင်း ချင်းပူးပေါင်းဆောင်ရွက်မှု အခြေ အနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ပြည်နယ် အစိုးရအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး က ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား Gui hou Park Hotel တွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

Union daily


Leave a Reply