နာဂဒေသတွင် ၀က်သက်ရောဂါကြောင့် သေဆုံးသူ ၆၈ ဦး အထိရှိလာပြီး နန်းယွန်းမြို့ ကဲဆန်ဆာလင်နှင့် ကဲဆန် ကားလန် ကျေးရွာများ၌ အခြေအနေဆိုးကာ ကျန်းမာရေး စောင့်ရှောက်မှု မရသေးဟု သိရ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၀က်သက်ရောဂါ အစုလိုက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၆၈ ဦးအထိရှိလာပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်ခြင်း မရှိသေးကြောင်း နာဂလူမှုအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြားသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နန်းယွန်းမြို့နယ်၊ ကဲဆန်ဆာလင်နှင့် ကဲဆန်ကားလန်ကျေးရွာများတွင် အခြေအနေ ဆိုးရွားလျက်ရှိကြောင်း နာဂ လူမှု အဖွဲ့အစည်းများ စုပေါင်းထားသည့် Emergency Respose Team to Naga Region တွင် ဖော်ပြချက်အရ သိရသည်။

Emergency Respose Team to Naga Region တွင် ဖော်ပြချက်အရ နန်းယွန်းမြို့နယ် ကဲဆန်ဆာလင် ကျေးရွာ တွင် ၁၂ ဦး၊ ကဲဆန်ကားလန် ကျေးရွာတွင် ခုနစ်ဦး၊ ကဲဆန်လောင်ကျန် ကျေးရွာတွင် ၁၂ ဦး၊ ရှိတ်ညို ကျေးရွာတွင် ခုနစ်ဦး၊ ပွန်ရှိန်းကျေးရွာတွင် နှစ်ဦးနှင့် လဟယ်မြို့နယ် ထန်ခေါ်လားမား ကျေးရွာတွင် ၂၅ ဦး၊ ယမ်းကြုံးကျေးရွာတွင် တစ်ဦး၊ ထန်ခေါ်နောက်ကုန်း ကျေးရွာတွင် နှစ်ဦး စုစုပေါင်း ၆၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နှင့် ဒုံဟီးမြို့နယ်များတွင် ကျန်းမာရေး စောင့်ရှောက် မှုများ မရရှိသေးကြောင်း၊ စားနပ်ရိက္ခာလည်း လုံလောက်မှု မရှိသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။

“ကျွန်တော်က အခုဖြစ်နေတဲ့ဒေသမှာ ၁၀ ရက်လောက်ရှိပြီနေတာ။ ကျန်းမာရေးဝန်ထမ်းတွေ ရောက်မလာဘူး။ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရသေးဘူး။ ဆေးကုသမှုလည်း ဘာမှမခံယူရဘူး။ လဟယ်ရောက်ရောက်ချင်း ဒေသဦးစီးရုံးကို တင်ပြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို မိုဘိုင်းပုံစံဖွဲ့ပြီးတော့မှ ခဏလေးသွားပြီး ပြန်လာတာ မဟုတ်ဘဲနဲ့ အနည်းဆုံး တစ်ပတ်ကနေ နှစ်ပတ်အထိနေပြီးတော့ ကုသဖို့ အကြံပြုထားပါတယ်” ဟု ဦးစိမ်းမောင်က ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “မဖျားမနာတဲ့ ရွာတွေလည်း အာဟာရချို့တဲ့တဲ့ ဒဏ်ကိုခံရတယ်။ ဒီနှစ်က အစာငတ်တာကိုး။ ဒေသခံတွေအနေနဲ့က တချို့ရွာတွေမှာ ပြောင်းဆန်တွေစားကြတယ်။ ပြောင်းဆန်မရတဲ့ ရွာတွေကတော့ ပြောင်းဆန် ရတဲ့ ရွာတွေကို ချေးငှားပြီးစားကြရတာပါ” ဟု ပြောကြားသည်။ ထို့ပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် သွားလာရေးအတွက်လည်း မလွယ်ကူကြောင်း သွားရောက်ခဲ့ သူများက ပြောကြားသည်။

“ဘာပစ္စည်းပို့ပို့ လမ်းတွေကောင်းမှ အဆင်ပြေမှာလေ။ သူတို့ဘက်က တောင်ယာတွေကလည်း မဖြစ်ထွန်းဘူး။ အဲဒီ ရွာတွေမှာက လူး၊ ပြောင်းတွေပဲစားရတာပေါ့။ ရွာမှာ ဆန်စားနိုင်တယ်ဆိုတာက နည်းနည်းပါးပါး ရှိတာက ကျောင်း ဆရာမတွေလောက်ပဲ။ ကျွန်တော်တို့သွားတယ်ဆိုရင်လည်း ဆန်ယူသွားရတာ။ ရွာတွေမှာလည်း ဆန်မှမရှိတာလေ” ဟု သြဂုတ် တတိယအပတ်အတွင်းက ကဲဆန်ဆာလင် ကျေးရွာသို့ ရိက္ခာပစ္စည်းပို့သွားခဲ့သူ နာဂစာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီမှ ဦးအောင်ထွဋ်က ပြောကြားသည်။  #Eleven Media Group


Leave a Reply