YBS ယာဉ်စီးခအား QR Code ဖြင့်ပေးချေနိုင်ရန် ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေအားလုံးရဲ့ ယာဉ်စီးခပေးချေတာတွေကို YPS ကတ် ငွေပေးချေစနစ်အပြင် QR Code System နဲ့ ပေးချေနိုင်ဖို့အထိ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ အခုလို ဆောင်ရွက်တာဟာ ယာဉ်စီးခ ပိုမိုကောက်ခံတာတွေ၊ ငွေအကြွေပြဿနာတွေနဲ့ မလိုလားအပ်တဲ့ပြဿနာတွေ ပြေလျော့စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ယာဉ်အားလုံးကို ကတ်စနစ်အသုံးပြုနိုင်ဖို့ ဆောင်ရွက်နေပြီး QR Code System ပါဝင်လာတဲ့အတွက် ဗဟိုဘဏ်ကချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ကိုက်ညီမှုအောင် ပြင်ဆင်နေတယ်လို့ Asia Starmar Transport Intelligent Co.Ltd ရဲ့ Chief Marketing Officer ဒေါ်ရီရီခင် ကပြောပါတယ်။ ကိုဗစ်ကာလမတိုင်ခင်က ယာဉ်လိုင်း ၃၆ လိုင်းက ယာဉ်အစီးရေ ၂ ထောင်လောက်မှာ YPS ကတ်စနစ် တပ်ဆင် ထားပြီး ၉၀ ရာခိုင်နှုန်း လည်ပတ်နေပေမယ့် ကြားကာလအတွင်း ယာဉ်တချို့ရပ်နားတာတွေ၊ ပိတ်ထားတဲ့ ကတ်ဖြတ်စက်တွေ ပြန်လည်ဖွင့်လှစ်ဖို့၊ သုံးစွဲသူတွေစိတ်ပါဝင်စားမှုရှိဖို့ အထူးဝန်ဆောင်မှုပေးရတာတွေနဲ့ ကတ်အသစ်စတင် အသုံးပြုသူတွ ကိုလည်း ကတ်အခမဲ့ရရှိဖို့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

တချို့ယာဉ်လိုင်းတွေမှာ တပ်ဆင်ထားတဲ့ ကတ်ဖြတ်စက် POS စက်တွေ ပိတ်ထားတာတွေရှိပြီး ယာဉ်အကူတွေနဲ့ ယာဉ်စီးခကောက်ခံ နေတာတွေကိုလည်း စိစစ်အရေးယူတာတွေပြုလုပ်သွားမယ်လို့ YRTC တွဲဖက် အတွင်းရေး မှူး ဦးလျန်ကျင့်မန် ကပြောပါတယ်။ ငွေဖြည့်ကတ်တွေ Error ဖြစ်တဲ့အခါမှာလည်း သက်ဆိုင်ရာ Call Center တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်သလို ပျောက်ဆုံးပျက်စီးတာတွေအတွက် အသစ်လဲလှယ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ YRTC အောက်ရှိ လိုင်းပေါင်း ၁၂၇ လိုင်းမှာ ၁၁၆ လိုင်းပြေးဆွဲနေပြီး ယာဉ်လိုင်းပေါင်း ၅၆ လိုင်းက ယာဉ်အစီးရေ ၂၁၃၃ မှာ ကတ်ဖြတ်စက်တွေ တပ်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။