ကုလပိတ်ဆို့မှုစာရင်းတွင်ပါသော မြောက်ကိုရီးယား သံတမန်တစ်ဦးကို မြန်မာအစိုးရ ပြည်နှင်ဒဏ်ပေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သော ရန်ကုန်မြို့ရှိ မြောက်ကိုရီးယားသံရုံး ဒုတိယအတွင်းဝန်တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။

‘‘ဖေဖော်ဝါရီထဲမှာ ကုလသမဂ္ဂရဲ့စာရင်းထွက်တော့ သူ့နာမည်ပါတဲ့အခါကျတော့ ကျွန်တော်တို့က မြောက်ကိုရီးယားသံရုံးကို ပြောလိုက်တယ်။ အဲဒီလိုပါတဲ့သူတော့ ငါတို့ဆက်ထားလို့မရဘူး။ မင်းတို့အနေနဲ့ ဒီလူကို သက်ဆိုင်ရာနိုင်ငံကို ပြန်ထွက်ခွာအောင်လုပ်ပေးပါလို့ ပြောတဲ့အခါ လုပ်ပေးပါတယ်။ သူက မြန်မာပြည်ရောက်တာ လပိုင်းပဲရှိသေးတယ်။ တကယ်တမ်း သူပြန်ထွက်တဲ့အချိန်ရောဆို ခြောက်လ မပြည့်သေးဘူး ထင်တယ်’’ဟု ဦးကျော်ဇေယျက ပြောသည်။

အဆိုပါ သံတမန်ကို ပြီးခဲ့ သည့် ဇွန်၊ ဇူလိုင်ဝန်းကျင်က တည်းက ပြန်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ပြည်နှင်ဒဏ်ပေးခံရသည့် ဒုတိယအတွင်းဝန် Kim Chol Nam သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဒဏ်ခတ်ပိတ်ဆို့မှုကော်မတီ၏ စာရင်းထဲတွင်ရှိသော ကုမ္ပဏီတစ်ခုနှင့်ပတ်သက်နေပြီး ယင်းကုမ္ပဏီသည် ပဲ့ထိန်းဒုံး ကျည်နှင့် သမားရိုးကျလက်နက်ဆိုင်ရာ ပစ္စည်းကိရိယာများ တင် ပို့ရောင်းချမှုကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၀၉ က တည်းက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း ဗီအိုအေ မြန်မာပိုင်းသတင်းဌာနက ရေးသားထားသည်။

‘‘သူတို့ရဲ့ လှုပ်ရှားမှုကိုတော့ ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဒီလိုမျိုး စာရင်းပါနေတဲ့သူတွေကို သက်ဆိုင်ရာ နိုင်ငံတွေမှာ ထားလို့မရဘူးပေါ့လေ။ ကုလသမဂ္ဂကနေပြီးတော့ မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်းစောင့်ကြည့်နေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ ကော်မတီတစ်ရပ်ပေါ့။ အဲဒီကနေပြီးတော့ မြောက်ကိုရီးယားနဲ့ လှုပ်ရှားမှုတွေဆိုင်တဲ့ဟာပေါ့။ တစ်ဦးချင်းပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ စတဲ့ သူတွေကို ထုတ်ပြန်လေ့ရှိတယ်။ သူ့နာမည်ပါလာတာပေါ့’’ဟု ဦးကျော်ဇေယျက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာ လဆန်းတွင်လည်း ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်ခွင့် တောင်းခံသည့် မြောက်ကိုရီးယား ကျောက်မီးသွေး သင်္ဘောကို မြန်မာအစိုးရက ဆိုက်ကပ်ခွင့်မပြုခဲ့ပေ။

‘‘ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ထဲမှာ ကျွန်တော် နားလည်သလောက် ကျောက်မီးသွေး ဒါတွေ လည်း ပါတယ်။ ကျောက်မီးသွေးနဲ့ဆိုင်တဲ့ကိစ္စကိုလည်း ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်လို့မရဘူး။ ကျွန်တော်တို့ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောအတိုင်းပါပဲ။ သင်္ဘောကလည်း အကြောင်း မကြားဘဲ ရောက်လာတဲ့ သဘောလို့ ကြားသိရပါတယ်။ ဒီက စည်းကမ်းချက်တွေကြောင့် အကပ်မခံတဲ့ သဘောပေါ့’’ ဟု အဆိုပါသင်္ဘော ကမ်းကပ်မခံသည့်ကိစ္စနှင့် ပတ်သက်၍ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ က ပြောသည်။

အဆိုပါ မြောက်ကိုရီးယား ကျောက်မီးသွေး သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ပို့ဆောင်ရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

မြောက်ကိုရီးယားနှင့် မြန်မာတို့သည် ယခင်စစ်အစိုးရလက်ထက်က နှစ်နိုင်ငံဆက်ဆံရေး နီးနီးကပ်ကပ်ရှိခဲ့ပြီး အထူးသဖြင့် စစ်ဘက်ဆက်ဆံရေးတွင် ကောင်းမွန်ခဲ့သော်လည်း ယခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရလက်ထက်တွင် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆက်ဆံရေးမရှိတော့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန က ပြောဆိုထားသည်။   

(7days)